◾ ကိုရီးယားအလုပ်ရှင်များ မသိကျိုးကျွံပြုနေ၍ သေဆုံးမှုတစ်လကျော်သည့်တိုင် ရုပ်အလောင်းကို မိခင်နိုင်ငံသို့ ပြန်ပို့နိုင်မှုမရှိဖြစ်နေ
၇. ၉. ၂၀၂၃
Written by Nay Aung
တောင်ကိုရီးယားအလုပ်သမားသမဂ္ဂအပါအဝင် အရပ်ဘက်အဖွဲ့စည်းများသည် ပြီးခဲ့သောလက ဆောက်လုပ်ရေးလုပ်ငန်း ခွင်တွင် သေဆုံးခဲ့သော မြန်မာရွှေ့ပြောင်းအလုပ်သမားသေဆုံးမှုနှင့်ပတ်သက်ပြီး စက်တင်ဘာ ၆ ရက်နေ့က ဆန္ဒပြတောင်းဆိုမှုများလုပ်ဆောင်ခဲ့ကြောင်း ကိုရီးယားအခြေစိုက်မီဒီယာများတွင် ဖော်ပြထားသည်။
အသက် ၂၅ နှစ်အရွယ်ရှိ မြန်မာရွှေ့ပြောင်းအလုပ်သမား ပြေသိန်းဆိုသူသည် ပြီးခဲ့သော သြဂုတ် ၇ ရက် နံနက်ပိုင်းက ဂယောင်ဆန်းနမ်ပြည်နယ် ဟာချောင်းဂွန်ရှိ Hamyang-Ulsan Expressway National Expressway ဆောက်လုပ်ရေးလုပ်ငန်းခွင်တွင် အလုပ်လုပ်ကိုင်နေချိန်အတွင်း အလေးချိန် ၂၅ တန်ရှိ မြေတင်ကား ဝင်တိုက်ခံရခြင်းကြောင့် ဦးခေါင်းထိခိုက်ဒဏ်ရာရကာ သေဆုံးသွားခဲ့ကြောင်း သိရသည်။ တောင်ကိုရီးယားအလုပ်သမားဝန်ကြီးဌာနနှင့် ရဲတပ်ဖွဲ့တို့သည် အဆိုပါ မြန်မာရွှေ့ပြောင်းအလုပ်သမား သေဆုံးမှုနှင့်ပတ်သက်ပြီး စုံစမ်းစစ်ဆေးလျက်ရှိနေသော်လည်း ဆောက်လုပ်ရေးလုပ်ငန်း၏ အဓိကကန်ထရိုက်တာနှင့် ဆပ်ကန်ထရိုက်တာတို့က မြန်မာရွှေ့ပြောင်းအလုပ်သမားသေဆုံးမှုကို မသိကျိုးကျွံ့ပြုနေကြောင်း သိရသည်။
မြန်မာရွှေ့ပြောင်းအလုပ်သမားသေဆုံးမှုနှင့်ပတ်သက်ပြီး ဆောက်လုပ်ရေးလုပ်ငန်း၏အဓိကကန်ထရိုက်တာနှင့် ဆပ်ကန် ထရိုက်တာတို့နှင့် လျော်ကြေးပေးရန် သဘောတူညီမှုမရရှိသေးသည့်အတွက် မြန်မာနိုင်ငံသား ကိုပြေသိန်းသေဆုံးမှုဖြစ်ပွားသည့်အချိန် ၁ လကျော်ကြာခဲ့သော်လည်း ရုပ်အလောင်းကို မိခင်နိုင်ငံသို့ ပြန်ပို့နိုင်ခြင်းမရှိသေးကြောင်း သိရသည်။
သေဆုံးသူ၏မိသားစုနှင့် တောင်ကိုရီးယားနိုင်ငံရှိ မြန်မာသံရုံးက ကိုပြေသိန်းသေဆုံးမှုနှင့်ပတ်သက်ပြီး လျော်ကြေး၊ နစ်နာ ကြေးအပြင် သေဆုံးရသည့်အကြောင်းအရင်းကို အဓိကစုံစမ်းရှာဖွေရန်အပါအဝင် ရပိုင်ခွင့်ရှိသောအခွင့်ရေးများ ရယူနိုင်ရန်အတွက် Gyeongnam Migrant Center ကို အကူညီတောင်းဆိုမှုများရှိနေကြောင်း သိရသည်။
ဆန္ဒပြပွဲတွင်ပါဝင်ခဲ့သော Funeral Struggle Committee ကလည်း “မြန်မာရွှေ့ပြောင်းအလုပ်သမား သေဆုံးတဲ့ တစ်လ ပြည့်ချိန်မှာ ဆန္ဒပြခဲ့တာပါ။ မြန်မာနိုင်ငံသား ကိုပြေသိန်းသေဆုံးတဲ့ ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာ အဓိကကန်ထရိုက်တာအဖြစ် Gyeryong Construction က လုပ်ကိုင်နေတယ်။ ဒါ့အပြင် ဆပ်ကန်ထရိုက်တာအဖြစ် Youngin Industry လုပ် ကိုင်နေတယ်။ ဒါပေမယ့် အဓိကကန်ထရိုက်တာနဲ့ ဆပ်ကရိုက်တာ ကုမ္မဏီတွေဟာ မြန်မာနိုင်ငံသားသေဆုံးမှုနဲ့ပတ်သက်ပြီးမိသားစုကို ပြန်တောင်းပန်တာမျိုးလည်းမလုပ်သေးဘူး၊ လျော်ကြေးပေးတာမျိုးလည်း မရှိသေးလို့ မြန်မာနိုင်ငံသားရဲ့ရုပ်အလောင်းကို မိခင်နိုင်ငံကိုပြန်ပို့နိုင်တာမျိုးမရှိသေးဘူး ” ဟု ပြောသည်။
Ref; ohmynews