October 18, 2024

၇.၉.၂၀၂၃
Written By Thandar

ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ အိမ်ရှင်အဖြစ်နဲ့ ကျင်းပမယ့် ၁၅ ကြိမ်မြောက် Mister International 2023 ပြိုင်ပွဲကြီးမှာ မြန်မာနိုင်ငံကိုယ်စားပြုအနေနဲ့ Mister Myanmar အောင်မြင့်မြတ် @ Austin Myat က သွားရောက်ယှဉ်ပြိုင်မှာဖြစ်ပါတယ်။

“ကျွန်တော်တို့အနေနဲ့ အင်တာနေရှင်နယ်ပွဲတွေက မလုပ်ဖြစ်တော့ပါဘူး။ ကိုယ်စားပြုသွားရောက်ယှဉ်ပြိုင်မယ့်သူကို ဒီတိုင်းပဲ ရွေးချယ်ဖြစ်ခဲ့တာပါ။ Mister International ပွဲဖြစ်တဲ့အတွက် ပွဲနဲ့ကိုက်ညီမယ့် အရပ်အမောင်း၊ Body၊ Language ပိုင်းဆိုင်ရာအစ ကျွန်တော်တို့အနေနဲ့ ကြည့်ပြီး သင့်တော်တဲ့အတွက် အောင်မြင့်မြတ်ကို ရွေးချယ်ခဲ့တာပါ။ သူပြိုင်ပွဲသွားပြိုင်ဖို့အတွက်လည်း လိုအပ်တဲ့ အဝတ်အစားပိုင်းကအစ၊ Training ပိုင်းကအစ အကုန်လုံး Organization က ပြင်ဆင်ပြီးပါပြီ။ နိုင်ငံကိုယ်စားပြုတစ်ယောက်အနေနဲ့ သွားရောက်ယှဉ်ပြိုင်မှာဖြစ်တဲ့အတွက် အားပေးကြပါ” လို့ Myanmar Beauty Paradise organization က CEO & Founder Layauk Naw က ပြောပါတယ်။

၁၅ ကြိမ်မြောက် Mister International 2023 ပြိုင်ပွဲကြီးကို ၂၀၂၃ ခုနှစ် စက်တင်ဘာလ ၈ ရက်ကနေ စက်တင်ဘာ ၁၇ ရက်နေ့အထိ ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ထိုင်း၊ ကမ္ဘောဒီးယား၊ ကနေဒါ၊ စပိန်၊ မက္ကစီကို၊ ဆွစ်ဇလန်၊ ထိုင်ဝမ်၊ အင်ဒိုးနီးရှား၊ အမေရိက၊ အိန္ဒိယ၊ ဖိလစ်ပိုင်၊ ကိုရီးယား စတဲ့ နိုင်ငံတွေနဲ့ အတူ ဝင်ရောက်ယှဥ်ပြိုင်ကြမှာလည်း ဖြစ်ပါတယ်။

နိုင်ငံတကာစင်မြင့်ထက်မှာ မြန်မာကိုယ်စားပြုအဖြစ် သွားရောက်ယှဉ်ပြိုင်ရမည့် Mister Myanmar အောင်မြင့်မြတ်အတွက်လိုအပ်တဲ့ Catwalk ပိုင်းတွေကို အလှမောင်စံသာက လေ့ကျင့်သင်ကြားပေးခဲ့ပြီး Myanmar Beauty Paradise organization ကလည်း အဝတ်အစားပိုင်း၊ National Costume ပိုင်းအပြင် လိုအပ်တဲ့ အပိုင်းတွေကိုလည်း ဖြည့်ဆည်းပေးသွားမယ်လို့ သိရပါတယ်။

Mister Myanmar အောင်မြင့်မြတ်က Mister International 2023 ပြိုင်ပွဲကြီးမှာ အနော်ရထာဘုရင်ပုံစံ National Costume ဝတ်စုံနဲ့ ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပြီး ဒီနေ့မနက်ပိုင်းမှာ မြန်မာနိုင်ငံက ထွက်ခွာသွားပြီလို့ သိရပါတယ်။

Mister Myanmar အောင်မြင့်မြတ် @Austin Myat က အသက် ၂၃ နှစ်၊ အရပ်အမြင့် ၅ ပေ ၁၁ လက်မခန့်ရှိပြီး Gym Trainer တစ်ဦးလည်းဖြစ်သလို အရင်ကလည်း Mister Grand Myanmar 2022 မှာ မြိတ်မြို့ကိုယ်စားပြုအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ဖူးသူဖြစ်တယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *