၇. ၉. ၂၀၂၃
Written by Hey Mahn
အကြိမ် ၁၄၀ မြောက် ကျင်းပမယ့် မန္တလေးတိုင်းဒေသကြီး၊ မိတ္တီလာမြို့ ကရဝိတ်ဖောင်တော်ဦးဘုရားပွဲတော်မှာ ပွဲစျေးရောင်းချချင်သူတွေအနေနဲ့ ဆိုင်ခန်းနေရာအတွက် စက်တင်ဘာ ၁၀ ရက်နေ့မှာ စတင်လျှောက်ထားနိုင်မှာဖြစ်တယ်လို့ ဘုရားပွဲဖြစ်မြောက်ရေးကော်မတီထံကနေ သိရပါတယ်။
လတ်တလောတော့ ဆိုင်ခန်းအရေအတွက် ၆၀၀ နီးပါးလျာထားပြီး တစ်ခန်းကို မျက်နှာဝ ၇ ပေ၊ အရှည် ၁၀ ပေသတ်မှတ်ထားတယ်လို့ သိရပါတယ်။
“အရင်နှစ်တွေကဆိုရင် ဆိုင်ခန်းက သုံးရာကျော်လောက်ပဲရှိတာ။ အခုနှစ်က များမယ်။ လတ်တလောစာရင်းအရတောင် ၅၉၀ ကျော်တယ်။ နောက်ပြီး ပွဲတော်ကျင်းပမယ့် နေရာလည်း ပြောင်းထားတယ်။ အရင်လို ကန်ကူးတံတားအရှေ့ဘက်မှာ လုပ်မှာမဟုတ်တော့ဘူး။ တံတား အနောက်ဘက်အခြမ်းကို ရွှေ့ထားတယ်”လို့ ပွဲတော်ဖြစ်မြောက်ရေးကော်မတီတာဝန်ရှိသူက ဆိုပါတယ်။
ပွဲတော်ကို စက်တင်ဘာ ၂၂ ရက်နေ့ကနေ အောက်တိုဘာ ၁ ရက်နေ့အထိ ကျင်းပပြုလုပ်မှာဖြစ်ပြီး ပွဲတော်ကာလ ၉ ရက်အတွက် ဆိုင်ခန်းတစ်ခန်းကို ငှားရမ်းခ ကျပ် ၁၂၀၀၀၀ ကောက်ခံသွားမယ်လို့ သိရပါတယ်။ ဆိုင်ခန်းကိုတော့ ငှားရမ်းသူက ကိုယ်တိုင်ဆောက်လုပ်ရမှာဖြစ်ပြီး ကော်မတီဘက်က ရေနဲ့ မီးအပါအဝင် အမှိုက်စွန့်ပစ်သန့်ရှင်းရေးတွေအတွက်ပါ ဆောင် ရွက်ပေးမယ်လို့ သိရပါတယ်။
ပွဲစျေးကို တံတားအနောက်ခြမ်းရှိအထက(၁) ဆောက်လုပ်ရေးဝန်းလမ်း ၊ကြေးနန်းရုံးလမ်းဗ၊ ဝန်ဇင်းဟိုတယ်လမ်းနဂါးရုံ ဘုရားရှေ့ မိတ္တီလာ-ကျောက်ပန်းတောင်းလမ်း၊ ဓမ္မသုခရွှေစည်းခုံဘုရားလမ်းတွေမှာ စျေးဆိုင်တွေ ဆောက်လုပ်ခင်းကျင်း ရောင်းချခွင့်ပြုမှာဖြစ်ပြီး ကလေးကစားကွင်းနဲ့ ပျော်ပွဲရွှင်ပွဲတွေက မြို့မ(၄)ရပ်ကွက် လွတ်လပ်ရေးပန်းခြံအတွင်းမှာ ခွင့်ပြုပေးထားမယ်လို့ သိရပါတယ်။
သုံးနှစ်လောက် ကျင်းပပြုလုပ်ခြင်းမရှိခဲ့ဘဲ ယခုနှစ်မှ ပြန်လည်ကျင်းပပြုလုပ်ဖြစ်တာမို့ လုံခြုံရေးနဲ့ ပွဲတော်စည်ကားရေးကို အထူးအလေးထားဆောင်ရွက်သွားမှာဖြစ်ပြီး ပွဲတော်ကာအတွင်း စျေးဆိုင်တွေနဲ့ ပျော်ပွဲ ရွှင်ပွဲတွေကို ည ၁၀ နာရီအထိသာ သတ်မှတ်ခွင့်ပြုသွားမှာလို့လည်း သိရပါတယ်။