October 18, 2024

၇.၉.၂၀၂၃
Translated by Htwe Ko Tun

ဘရာဇီးလ်နိုင်ငံတောင်ပိုင်းတွင် ဒေသအတွင်း အပူပိုင်းဆိုင်ကလုံးမုန်တိုင်းတစ်ခု စက်တင်ဘာ ၅ ရက်က ဝင်ရောက်တိုက်ခတ်သွားမှုကြောင့် လူနေအိမ်များရေနစ်မြုပ်ပြီး မြစ်များလည်းရေလျှံလျက်ရှိရာ စက်တင်ဘာ ၆ ရက်အကုန်တွင် သေဆုံးသူ ၃၆ ဦးအထိ မြင့်တက်လာခဲ့ကြောင်း အာဏာပိုင်များက ပြောကြားခဲ့ကြသည်။

နိုင်ငံတောင်ပိုင်း ရီအိုဂရန်ဒီ ဒိုဆာလ်ပြည်နယ်၊ မာကမ်(Macum) မြို့အတွင်း လမ်းများနှင့် မြစ်များတွင် ရေလျှံလျက်ရှိပြီး အိမ်များမှာ ရေမြုပ်လျက်ရှိသည်ကို ဗီဒီယိုများတွင် တွေ့ကြရသည်။ အနီးအနားရှိမြို့ကြီးများဖြစ်သော လာဂျေဒိုနှင့် ရိုကာဆေးလ်မြို့များတွင်လည်း မုန်တိုင်းရိုက်ခတ်မှုဒဏ်ကို ပြင်းပြင်းထန်ထန် ခံစားခဲ့ကြရသည်ကို တွေ့ရသည်။

မာကမ်မြို့အတွင်း ရေလွှမ်းမိုးမှုတွင် ဘေးအန္တရာယ်မှလွတ်မြောက်ခဲ့သော အသက် ၇၄ နှစ်ရှိ လွှစက်ရုံ အလုပ်သမားတစ်ဦးဖြစ်သော ဒိုမင်ဂွက်ဇ် ဖွန်တာနာက ကယ်ဆယ်ရေးလုပ်ငန်းများကို မည်သို့မျှဆောင်ရွက်ခြင်းမပြုနိုင်ခဲ့ကြောင်း၊ ရေလွှမ်းမိုးမှုက မြင့်တက်လာသောကြောင့် ၎င်းမှာလည်း ရေလွတ်ရာ အဝေးပြေးလမ်းမကြီးသို့ ထွက်ပြေးခဲ့ရကြောင်း ပြောခဲ့သည်။

ရီအို ဂရန်ဒီ ဒိုဆာလ်ပြည်နယ်အတွင်း ဤကဲ့သို့ရေလွှမ်းမိုးမှုက ဘရာဇီးလ်နိုင်ငံအတွင်း နောက်ဆုံးကြုံတွေ့ခဲ့ရသော သဘာဝဘေးလည်းဖြစ်၍ လူဦးရေ ၁၁ သန်းနေထိုင်ရာ ရီအို ဂရန်ဒီ ဒိုဆာလ်ပြည်နယ်က မုန်တိုင်းကြောင့် ရေလွှမ်းမိုးမှုကို အဓိကခံခဲ့ရကြောင်း သိရသည်။

Ref-Reuters

Leave a Reply

Your email address will not be published. Required fields are marked *