October 18, 2024

၇.၉.၂၀၂၃
Written by Peya

လာမည့်နှစ် အောက်တိုဘာလတွင် ရွေးကောက်ပွဲလုပ်မည်ဟု မျှော်လင့်ရကြောင်း ဒီမိုကရက်တစ်ပါတီ (မြန်မာ) မှ ဒုတိယဥက္ကဋ္ဌ ဦးတင်ဆွေကို MT News သတင်းဌာနက သီးသန့် တွေ့ဆုံမေးမြန်းရာတွင် ခန့်မှန်းပြောကြားသည်။

“ရွေးကောက်ပွဲက နောက်နှစ် ၂၀၂၅ ခုနှစ် ဧပြီလ ၁ ရက်မှာ အစိုးရအဖွဲ့ပေါ်မယ်။ ၂၀၂၄ ခုနှစ် အောက်တိုဘာလမှာ ရွေး ကောက်ပွဲစမယ်။ ကမ်ပိန်းသုံးလနဲ့ဆိုရင် အောက်တိုဘာလ သွားကျမှာ။ ခြောက်လအတွင်း ရွေးကောက်ပွဲလုပ်ပေးရမယ်ဆိုတော့ ၂၀၂၄ ခုနှစ် အောက်တိုဘာလကုန်လောက်မှာ ရွေးကောက်ပွဲလာလိမ့်မယ်” ဟု ဦးတင်ဆွေက ခန့်မှန်းပြောကြားသည်။

ရွေးကောက်ပွဲဖြစ်ပြီး အရပ်သားအစိုးရပေါ်မှသာ အကြောင်းအမျိုးမျိုးကြောင့် ပြည်ပရောက်သွားသူများ ပြန်လာနိုင်မည်ဖြစ်ကာ ရွေးကောက်ပွဲတွင် ၄၅ ရာခိုင်နှုန်း အနိုင်ရလျှင်ပင် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းနှင့် ပူးပေါင်းပြီး အရပ်သားအစိုးရဖွဲ့နိုင်မည် ဖြစ်ကြောင်းလည်း ဦးတင်ဆွေက ဆိုသည်။

“ဒါကို သတိထားဖို့ အရေးကြီးတယ်။ (ရွေးကောက်ပွဲကတော့) မဖြစ်မှာ မပူနဲ့။ သူက ကာ/လုံ နှစ်နှစ်ပြည့်မှာ သူ (နိုင်ငံတော်စီမံအုပ်ရေး ကောင်စီဥက္ကဋ္ဌ) က မိန့်ခွန်းပြောသွားတယ်။ တစ်နည်းအားဖြင့် လက်ရှိအနေအထားနဲ့လည်း လုပ်ပေးလို့ ရတယ်တဲ့။ တရားဥပဒေ စိုးမိုးရေးကို လုပ်မယ်ပေါ့။ အဲ့ဒီလို လုပ်ဖို့ကျတော့ သူတစ်ယောက်တည်း မရဘူးလေ။ ကျွန်တော်တို့ နိုင်ငံရေးပါတီလည်း လိုတယ်” ဟု ဦးတင်ဆွေက ဆိုသည်။

ပြီးခဲ့သည့် ဖဆပလခေတ်တွင် လက်နက်ကိုင်များရှိသည့်နယ်များ၌ မဲထည့်ရာတွင် မည်သူ့ကို မဲထည့်ပါဟု ကန့်သတ်ခြင်းများရှိရာ အဆိုပါ မဲဖြင့် နိုင်ခြင်းသည် အမှန်တရား မဟုတ်ကြောင်းလည်း ၎င်းက ရှင်းလင်း ပြောကြားသည်။

“အဲ့ဒါမျိုးမဖြစ်ဖို့ လိုတာပေါ့။ အဲ့ဒီနယ်တွေမှာ အဲ့ဒီလက်နက်တွေက ကြီးစိုးနေရင် မဲတွေက မှန်ပါ့မလား။ ဒါကြောင့် ကျွန်တော်တို့မှာလည်း မှန်ကန်တဲ့ ရွေးကောက်ပွဲလုပ်ဖို့ တာဝန်ရှိတယ်။ တိုင်းပြည်ကို ဒီထက် မဆိုးစေချင်ဘူး။ ဒါကို ဖြတ်ကျော်ဖို့ ရွေးကောက်ပွဲ ဖြစ်စေချင်တယ်” ဟု ဦးတင်ဆွေက ဆိုသည်။

Leave a Reply

Your email address will not be published. Required fields are marked *