MT News
Written by Nay Aung
ဘင်္ဂလားဒေ့ရှ်ဗဟိုဘဏ်သည် အမေရိကန်အစိုးရ၏ ပစ်မှတ်ထား ပိတ်ဆို့ခြင်းချမှတ်ခံထားရသော မြန်မာနိုင်ငံရှိဘဏ်နှစ်ခုနှင့်ငွေကြေးလွှဲပြောင်းခြင်းများ မလုပ်ဆောင်ရန် ဘင်္ဂလားဒေ့ရှ့်ဘဏ်များကို ညွှန်ကြားလိုက်ကြောင်း သိရသည်။
အမေရိကန်အစိုးရသည် ပြီးခဲ့သော ဇွန် ၂၁ ရက်က မြန်မာအစိုးရပိုင်ဘဏ်နှစ်ခုဖြစ်သော မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ်(MFTB)၊ မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့်ကူးသန်းရောင်းဝယ်ရေးဘဏ်(MICB)တို့ကို ပိတ်ဆို့မှုများချမှတ်ခဲ့ကြောင်း သတင်းထုတ်ပြန်ခဲ့သည်။ ထို့အပေါ် ဘင်္ဂလားဒေ့ရှ်ဗဟိုဘဏ် တာဝန်ရှိသူတစ်ဦးက ၎င်းတို၏ ဘင်္ဂလားဒေ့ရှ်ဘဏ်များကို ပိတ်ဆို့မှုချမှတ်ခံထားရသော မြန်မာဘဏ်နှစ်ခုနှင့် လုပ်ငန်းများလုပ်ကိုင်ခြင်း ဂရုစိုက်ကြရန် စာပေးပို့ညွှန်ကြားခဲ့ကြောင်း ပြော သည်။
နစကသည် စစ်လက်နက်ပစ္စည်းများနှင့် ပြည်ပနိုင်ငံများမှကုန်စည်များ ရရှိရန်အတွက် အဆိုပါဘဏ်နှစ်ခုကိုအသုံးချနေကြောင်း အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနကဆိုသည်။ ဘင်္ဂလားဒေ့ရှ်အစိုးရပိုင် Sonali Bank သည် မြန်မာဘဏ်နှစ်ခုရှိ ၎င်းတို့ဘဏ်အကောင့်များကို ယာယီဆိုင်းငံ့လိုက်ကြောင်း မကြာသေးမီက သတင်းထုတ်ပြန်ခဲ့သည်။ဘဘင်္ဂလားဒေရှ့်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်များအရ သြဂုတ် ၃ ရက်တွင် Sonali Bank သည် ၎င်းတို့ဘဏ်ရှိ ပိတ်ဆို့မှုချမှတ်ခံထားရသော မြန်မာဘဏ်နှစ်ခု၏အကောင့်များကို ဆိုင်းငံ့လိုက်ကြောင်း သတင်းထုတ်ပြန်ခဲ့ဖူးသည်။
ဘင်္ဂလားဒေ့ရှ်ရှိ အမေရိကန်သံရုံးသည် အမေရိကန်၏ ပိတ်ဆို့မှုချမှတ်ခံထားရသော မြန်မာဘဏ်နှစ်ခုနှင့် ငွေကြေးလွှဲပြောင်းခြင်းများ မလုပ်ဆောင်ရန် ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးဌာနထံ စာပို့တောင်းဆိုမှုများရှိခဲ့ကြောင်း သိရသည်။ ဘင်္ဂလားဒေ့ရှ်ဗဟိုဘဏ်သည် သြဂုတ် ၂၀ ရက်နေ့တွင် အမေရိကန်အစိုးရ၏ပိတ်ဆို့မှုချမှတ်ခံထားရသော မြန်မာဘဏ်နှစ်ခုနှင့် ငွေကြေးလွှဲပြောင်းခြင်းများမလုပ်ဆောင်ရန် ထပ်မံညွှန်ကြားခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် အာဏာအငြင်းပွားမှုများဖြစ်ပွားခဲ့ပြီးနောက်ပိုင်း အမေရိကန်ဦးဆောင်သော အနောက်အုပ်စုနိုင်ငံများသည် မြန်မာနိုင်ငံအပေါ် ပစ်မှတ်ထားပြီး ပိတ်ဆို့မှုအမျိုးမျိုးချမှတ်ထားကာ လူပုဂ္ဂိုလ်များ၊ ဘဏ်များ၊ စီးပွားရေးလုပ်ငန်းများကို ပိတ်ဆို့မှုချမှတ်ထားသည်။ အမေရိကန်အစိုးရ၏ဖိအားပေးမှုများကြောင့် စင်ကာပူအခြေစိုက် ယူအိုဘီဘဏ်သည် မြန်မာ နိုင်ငံရှိဘဏ်များနှင့် ချိတ်ဆက်ဆောင်ရွက်မှုများကို စက်တင်ဘာလအစောပိုင်းတွင် ရပ်ဆိုင်းလိုက်ကြောင်း သိရသည်။
Ref; thefinancialexpress.