တရားမဝင်ကုန်သွယ်ရေး၊ မူးယစ်ဆေးဝါးရောင်းဝယ်မှု မရှိစေရေး ပူးပေါင်းဆောင်ရွက်ရန် ဆွေးနွေး
၆. ၉. ၂၀၂၃
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ဥက္ကဋ္ဌ၊ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံ မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ သံအမတ်ကြီးအဖြစ် ခန့်အပ်ရန်သဘောတူညီပြီးဖြစ်သော သံအမတ်ကြီး H. E. Dr. Md. Monwar Hossain သည် ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး၊ သံတမန်ဆောင်ဧည့်ခန်းမ၌ ၎င်း၏ သံအမတ်ခန့်အပ်လွှာကို ပေးအပ်ခဲ့ကြောင်း သိရသည်
ထို့နောက် နှစ်နိုင်ငံသံတမန်ဆက်ဆံရေး၊ ပူးပေါင်းဆောင်ရွက်ရေးနှင့် ချစ်ကြည်ရင်းနှီးမှုဆိုင်ရာကိစ္စရပ်များ၊ အပြန်အလှန်ကုန်သွယ်မှု မြှင့်တင်ရေးဆိုင်ရာကိစ္စရပ်များ၊ နယ်စပ်ဒေသ၌ တရားမဝင်ကုန်သွယ်မှုများ၊ မူးယစ်ဆေးဝါး ရောင်းဝယ်မှုများမရှိစေရေး၊ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်များ၊ နေရပ်စွန့်ခွာသူများပြန်လည်လက်ခံရေးဆိုင်ရာ ကိစ္စရပ်များ၊ ဒေသတည်ငြိမ်အေးချမ်းရေးအတွက် ကာကွယ်ရေးကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်များ၊ ဆိုင်ကလုန်းမုန်တိုင်းမိုခါတိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးမှုများနှင့်ပတ်သက်၍ ပူးပေါင်းဆောင်ရွက်မှုများနှင့် မြန်မာနိုင်ငံ၏ လက်ရှိနိုင်ငံရေးဆိုင်ရာ ဖြစ်ပေါ်တိုးတက်နေမှုများနှင့်စပ်လျဉ်းပြီး ရင်းရင်းနှီးနှီးဆွေးနွေးခဲ့ကြသည်ဟု သိရသည်။