၆. ၉. ၂၀၂၃
Written by Nay Moe
မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်နှင့် နွားထိုးကြီးမြို့နယ်တို့တွင် PDF များက တစ်နေ့တာအတွင်း လူ ၆ ဦး သတ်ဖြတ်ခဲ့သည်ဟု ပြည်ထဲရေးဝန်ကြီးဌာနမှ သိရှိရသည်။
ဖြစ်စဥ်မှာ စက်တင်ဘာလ ၂ ရက် ည ၆ နာရီတွင် နွားထိုးကြီးမြို့နယ်၊ ထန်းတောမကျေးရွာ၌ သေနတ်ဖြင့် ပစ်ခတ်ခံရ၍ အမျိုးသားသုံးဦး သေဆုံးခဲ့ကြောင်းသတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါကျေးရွာနေသူများဖြစ်ကြသည့် ဦးနန်းအောင်(၄၇)နှစ်၊ ဦးနန်းတင်(၄၅)နှစ်နှင့် ဦးအောင်ဘို (၇၀)နှစ်တို့ သုံးဦးသည် ၎င်းတို့၏နေအိမ်အသီးသီး၌ ရှိနေစဉ် PDF အဖွဲ့ဝင် အမျိုးသားလေးဦး(စိစစ်ဆဲ)သည် ဆိုင်ကယ်နှစ်စီးဖြင့် ရောက်ရှိလာပြီး ဖမ်းဆီးခေါ်ဆောင်၍ ထန်းတောမကျေးရွာဘုန်းကြီးကျောင်းသို့ သွားသည့်လမ်းဆုံအရောက် သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့သဖြင့် ဦးနန်းအောင်ပါ သုံးဦးတွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ကြောင်း သိရသည်။
အလားတူ ည ၈ နာရီ ၁၅ မိနစ်တွင် မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ်၊ သံကုန်းကျေးရွာ၌ သေနတ်ဖြင့်ပစ်ခတ်ခံရ၍ အမျိုးသားနှစ်ဦးသေဆုံးကာ တစ်ဦးဒဏ်ရာရရှိခဲ့ကြောင်းသတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါ ကျေးရွာနေသူများဖြစ်ကြသည့် ဦးမိုးကိုကို(ခ)မိုးမိုး(၃၀)နှစ်၊ ဦးမျိုးကို(၃၀)နှစ်နှင့် ဦးမင်းသန်း(၂၅)နှစ်တို့ သုံးဦးသည် ၎င်းကျေးရွာရှိ ဒေါငြိမ်းကုန်စုံဆိုင်၌ ဝိုင်းဖွဲ့ထိုင်နေစဉ် PDF အဖွဲ့ဝင်များ(အင်အားစိစစ်ဆဲ)က မော်တော်ယာဉ်တစ်စီးဖြင့်ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်ထွက်ပြေးသွားခဲ့သဖြင့် ဦးမိုးကိုကို(ခ)မိုးမိုးတွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ပြီး ဦးမျိုးကိုနှင့် ဦးမင်းသန်းတို့တွင် ကျည်ထိမှန်ဒဏ်ရာများအသီးသီးရရှိခဲ့၍ ငါန်းဇွန်မြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်၍ ဆေးကုသမှုခံယူနေစဉ် ရရှိထားသော ဒဏ်ရာများဖြင့် ထပ်မံသေဆုံးသွားခဲ့ကြောင်း သိရသည်။
အထက်ပါ ဖြစ်စဥ်များတွင် လုပ်ကြံသည့် PDF အဖွဲ့မှာ မည်သည့်အဖွဲ့ဖြစ်သည်ဟု ဝန်ခံချက်ထုတ်မထားသကဲ့သို့ တာဝန်ရှိသူများကလည်း ပြစ်မှုကျုးလွန်သူများအား စစ်ဆေးဖော်ထုတ်နေဆဲဖြစ်ကြောင်း သိရသည်။