၆.၉.၂၀၂၃
Written by Peya
“ငါနဲ့ မတည့်သူ ငါ့ရန်သူပဲ” ဟုဆိုကာ သတ်ခြင်းတွင် အသတ်ခံရသူက လွန်သလား၊ သတ်သည့်သူက လွန်သလားဟု ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီဥက္ကဋ္ဌ ဦးခင်ရီက သတင်းထောက်များ၏ မေးမြန်းမှုအပေါ် ဖြေကြားရာတွင် ထည့်သွင်းပြောကြားသည်။
“ကျွန်တော်တို့က လက်နက်ကိုင်ထားတဲ့သူတွေ မဟုတ်ဘူးလေ။ ကိုယ့်တိုင်းပြည်ကောင်းဖို့အတွက် နိုင်ငံရေးပလက်ဖောင်းမှာ အလုပ်လုပ်မယ့်သူတွေ။ ငါနဲ့မတူ ငါ့ရန်သူ၊ ငါနဲ့ မတည့်တဲ့ကောင်က ငါ့ရန်သူပဲဆိုပြီး လိုက်သတ်တာကတော့ အသတ်ခံရတဲ့ သူက လွန်လွန်းသလား၊ သတ်တဲ့သူက လွန်သလား။ လက်နက်မရှိတဲ့လူကို လက်နက်ရှိတဲ့လူက သတ်တယ်ဆိုတာ ဒါအဓိပ္ပာယ်မရှိဘူး။ ဒါကို ကျွန်တော်တို့က သတ္တိလို့လည်း မမြင်ဘူး။ လုပ်သင့်တဲ့ ကိစ္စလို့လည်း မမြင်ဘူး” ဟု ၎င်းက ထည့် သွင်းပြောကြားသည်။
အကြမ်းဖက်ဝါဒကို လက်မခံသော်လည်း ကိုယ်လုပ်စရာရှိသည်ကို လုပ်နေကြောင်းလည်း ဦးခင်ရီက ဆိုသည်။
“အသက်ဆိုတာကတော့ လူတိုင်းက Spare Part ပါတာမဟုတ်ဘူးလေ။ ဂရုစိုက်ကြရတာပေါ့။ ကျွန်တော်တို့ပါတီဆိုလည်း သတ်ဖြတ်ခံရတာ ရှိတယ်။ ကျွန်တော်တို့လည်း ကိုယ့်အသက်အန္တရာယ်ကို စိုးရိမ်တာပဲ။ ဒါပေမယ့် ဒီကြားထဲက ကိုယ်လုပ်စရာရှိတဲ့ အလုပ်ကို လုံခြုံရေးအသိ၊ လုံခြုံရေးသတိနဲ့ ပူးပေါင်းဆောင်ရွက်မှုနဲ့ ဆောင်ရွက်နေတာပဲ။ ဘယ်လိုလုပ်တယ်ဆိုတာကတော့ လုံခြုံရေးကိစ္စဖြစ်တဲ့အတွက် ပြောလို့မဖြစ်ဘူး။ ပြောလည်း ပြောမှာမဟုတ်ဘူး။ ကျွန်တော်သွားတာလည်း ခင်ဗျားတို့ မြင်တာပဲလေ။ ကျွန်တော်သံချပ်ကာမှ ဝတ်မထားတာ” ဟု ဦးခင်ရီက MT News သတင်းဌာန၏ မေးမြန်းမှုကို ပြန်လည်ဖြေကြားသည်။
NUG နှင့် PDF တို့၏ နွေဦးတော်လှန်ရေးစတင်သည့် ၃ နှစ်မပြည့်မီကာလအတွင်း ရဟန်းသံဃာ၊ ဆရာ၊ ဆရာမ၊ ကျောင်းသားကျောင်းသူ ကလေးသူငယ်၊ နိုင်ငံ့ဝန်ထမ်းများနှင့် ရပ်ကျေးဝန်ထမ်းများအပါအဝင် NLD ပါတီဝင်မဟုတ်သောသူ ၆၃၀၀ ကျော်မှာ “ဒလန်၊ သူလျို၊ နစကယန္တရားလည်ပတ်အောင်လုပ်ပေးသူ”ဆိုသည့် စွပ်စွဲချက်များဖြင့် သတ်ဖြတ်လုယက်ခံထားရသည်။ ထိုအထဲတွင် USDP ပါတီဝင်များ သတ်ဖြတ်လုယက်ခံရမှုမှာ အများဆုံးဖြစ်သည်။