October 19, 2024

MT News

၆.၉.၂၀၂၃

၄၃ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးကို အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့၌ စက်တင်ဘာ ၅ ရက်တွင် ပြုလုပ်ခဲ့ပြီး အဆိုပါအစည်းအဝေးအတွင်း တူညီဆန္ဒ (၅)ချက် အကောင်အထည်ဖော်ခြင်းဆိုင်ရာ အာဆီယံ‌ခေါင်းဆောင်များ၏ ပြန် လည်သုံးသပ်ချက်နှင့် ဆုံးဖြတ်ချက် ထုတ်ပြန်ခဲ့ခြင်းကို နိုင်ငံခြားရေးဝန်ကြီးဌာနမှ ​မှတ်သားရသည်။

အာဆီယံပဋိညာဉ်စာတမ်းအပိုဒ်(၅)ပါ “အခွင့်အရေးနှင့် တာဝန်ဝတ္တရား” မူနှင့် သွေဖယ်လျက် မြန်မာနိုင်ငံ၏အခွင့်အရေးဖြစ်သည့် တန်းတူရည်တူကိုယ်စားပြုမှုအား ငြင်းပယ်ခဲ့သဖြင့် (၄၃)ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးသို့ မြန်မာ နိုင်ငံမှ တက်ရောက်ခြင်း မပြုခဲ့ပါ။

အာဆီယံအလှည့်ကျဥက္ကဋ္ဌဖြစ်သည့် အင်ဒိုနီးရှားနိုင်ငံမှ ဖော်ပြပါထုတ်ပြန်ချက် (မူကြမ်း)အား မြန်မာနိုင်ငံနှင့် ဆွေးနွေးညှိနှိုင်းခဲ့သော်လည်း မြန်မာနိုင်ငံ၏ အမြင်နှင့် ရပ်တည်ချက်တို့ကို ထည့်သွင်းမဖော်ပြဘဲ လျစ်လျူရှူခဲ့သည်။

သို့ပါ၍ မြန်မာနိုင်ငံအစိုးရကိုယ်စား နိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့် အပြုသဘောမဆောင်သည့် သုံးသပ်ချက်များနှင့် တစ်ဖက်သတ်ဆန်ပြီး မျှတမှုမရှိသည့် ဆုံးဖြတ်ချက်များ ပါရှိသည့် တူညီဆန္ဒ(၅)ချက် အကောင်အထည်ဖော်မှုဆိုင်ရာ အာဆီယံခေါင်းဆောင်များ၏ ပြန်လည်သုံးသပ်ချက်နှင့် ဆုံးဖြတ်ချက်အပေါ် ကန့်ကွက်သည်။

​အာဆီယံအဖွဲ့ဝင်နိုင်ငံများအနေဖြင့် အာဆီယံပဋိညာဉ်စာတမ်းပါ ပြဋ္ဌာန်းချက်များနှင့် အခြေခံမူများကို တိကျစွာလေးစားလိုက်နာလျက် အထူးသဖြင့် အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံ၏ ပြည်တွင်းရေးကို အခြားတစ်နိုင်ငံက ဝင်ရောက်စွက်ဖက်ခြင်း မပြုရန် ထပ်လောင်းအသိပေးအပ်သည်ဟု နိုင်ငံခြားရေးဝန်ကြီးဌာန၏ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *