October 19, 2024

MT News

Written by Thettant

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှစ၍ ယခုအချိန်အထိ ရထားလမ်းကွန်ရက်တစ်ခုလုံးတွင် ရထားလမ်းများ၊ ဘူတာနယ်မြေများအတွင်း ဗုံးထောင်၊ မိုင်းခွဲဖျက်ဆီးခြင်း ၁၂၅ ကြိမ်၊ တံတားမိုင်းခွဲခြင်း ၄၅ ကြိမ်၊ ဘူတာနှင့် ဝန်ထမ်းနေအိမ်များ မီးရှို့ဖျက်ဆီးခြင်း ၁၂ ကြိမ် ဆောင်ရွက်ခဲ့ခြင်းကြောင့် ရထားလမ်းနှင့်တံတားများပျက်စီးခြင်း၊ ရထားစက်ခေါင်းနှင့်တွဲများ ထိခိုက်ပျက်စီးခြင်း၊ ကုန်စည်များပျက်စီးဆုံးရှုံးခြင်း၊ ခရီးသည်များ လမ်းခရီး၌ကြန့်ကြာ၍ အခက်အခဲမျိုးစုံကြုံတွေ့ခဲ့ကြရသည်ဟု ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

အဆိုပါ ဖောက်ခွဲဖျက်ဆီးမှုများအပြင် ယနေ့တွင်လည်းရန်ကုန်-မန္တလေးရထားလမ်းပိုင်း၊ ပိန်းဇလုပ်ဘူတာနှင့် တော်ဝိဘူတာအကြားရှိ ရထားလမ်း မိုင်းထောင်ဖောက်ခွဲဖျက်ဆီးမှုဖြစ်ပွားခဲ့သည်။

ဖြစ်စဥ်မှာ မြန်မာ့မီးရထား၊ တိုင်းအမှတ်(၆)နယ်မြေ၊ ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ်၊ ပိန်းဇလုပ်ဘူတာ၏ တောင်ဘက်(တော်ဝိဘူတာဘက်ခြမ်း)၌ ယနေ့နံနက် ၂ နာရီခွဲခန့်တွင် ပေါက်ကွဲသံကြားရသဖြင့် မန္တလေး-ရန်ကုန် အမှတ်(၆)အစုန် လူစီးအမြန်ရထား၏ စက်ခေါင်းမောင်းသည် ပိန်းဇလုပ်ဘူတာအား နံနက် ၃ နာရီ ၂၃ မိနစ်တွင် ဖြတ်သန်းအပြီး သတိပြုမောင်းနှင်လာရာ ပိန်းဇလုပ်ဘူတာ-တော်ဝိဘူတာအကြား၊ မိုင်တိုင်(၉၉/၈-၇)သို့ နံနက် ၃ နာရီ ၃၂ မိနစ်တွင် ရောက်ရှိစဉ် ရထားမီးရောင်အောက်၌ တံတားအမှတ်(BR-137) ပေါ်နှင့် ရထားလမ်းအနီးတစ်ဝိုက်တွင် အကြမ်းဖက်သူများက မိုင်းခွဲထား၍ သံလမ်းများပြတ်တောက်ပျက်စီးနေကြောင်း တွေ့ရှိရသဖြင့် စက်ခေါင်းမောင်းမှ ရထားအား အချိန်မီရပ်တန့်ပြီးနောက် ပိန်းဇလုပ်ဘူတာသို့ နောက်ပြန်ဆုတ်ခွာရပ်တန့်၍ လမ်းပိုင်းအား နံနက် ၄ နာရီ ၁၀ မိနစ်မှစ၍ ခေတ္တပိတ်ထားခဲ့ရသည်။

အဆိုပါ ဖြစ်စဉ်နေရာအားစစ်ဆေးရာ အကြမ်းဖက်သူများက မိုင်း(၂)လုံးဖောက်ခွဲခဲ့ခြင်းကြောင့် ရထားသံလမ်းပေ(၈၀)ခန့် ပြတ်တောက်တွန့်လိမ်သွားခြင်း၊ ကွန်ကရစ်ဇလီဖား(၁၄)တုံး ပျက်စီးခြင်း၊ (၁၀)ပေအရှည်ရှိ ကွန်ကရစ်တံတားကြမ်းခင်း (၃)ပေပတ်လည်ခန့် ထိခိုက်ခြင်းများဖြစ်ပေါ်ခဲ့သဖြင့် မြန်မာ့မီးရထားမှ ပျက်စီးမှုများအား အမြန်ဆုံးပြုပြင်ဆောင်ရွက်ပြီးစီးခဲ့ရာ နံနက် ၁၁ နာရီ ၁၅ မိနစ်ခန့်မှသာ ပြန်လည်ဖွင့်လှစ်နိုင်ခဲ့သည်ဟု သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *