October 19, 2024

MT News

Written by Nyein Kyaw

မိုးလေဝသခန့်မှန်းချက်များအရ ၂၀၂၃ ခုနှစ် စက်တင်ဘာလမှ ၂၀၂၄ ခုနှစ် မတ်လကာလအတွင်း အယ်လ်နီညိုဖြစ်စဉ်များ ကြုံတွေ့ရမည်ဟုသိရှိရပြီး ယခင်အတွေအကြုံများအရ မိုးခေါင်ရေရှားခြင်းနှင့် ပူပြင်းခြောက်သွေ့ခြင်းများ ဖြစ်ပေါ်နိုင်သည့်အတွက် ပူပြင်းခြောက်သွေ့ဒဏ်ခံနိုင်မှုရှိစေရေးနှင့် ရေပြတ်လပ်မှုမရှိစေရေး ကဏ္ဍအလိုက် ကြိုတင်ပြင်ဆင်သွားရန် လိုအပ်ကြောင်း SAC ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က နေပြည်တော်တွင် ယနေ့ပြုလုပ်သည့် ၂၀၂၃ ခုနှစ်၊ တတိယအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတွင် ပြောကြားသည်။

ထို့အပြင် ၂၀၂၃ ခုနှစ် မေလ ၁၄ ရက်၌ ရခိုင်ပြည်နယ်တွင် တိုက်ခတ်ခဲ့သည့် မိုခါမိုတိုင်းကြောင့် စစ်တွေမြို့အပါအဝင် မုန်တိုင်းဒဏ်ခံခဲ့ရသည့် မြို့နယ် ၁၀ မြို့နယ်ကို ပြန်လည်ထူထောင်ရေးလုပ်ငန်းတွင် တစ်ခုအပါအဝင်ဖြစ်သည့် သစ်ပင်စိုက်ပျိုးထိန်းသိမ်းခြင်းကို သဘာဝဘေးအန္တရာယ်မှ ကြံ့ကြံ့ခံနိုင်ရန် အရှိန်အဟုန်ဖြင့် ဆောင်ရွက်ပေးနေသည်ကို အားလုံးအသိပင်ဖြစ်ကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။

ယနေ့ပြုလုပ်သည့် တတိယအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတွင် သစ်ပင်မျိုး ၁၅ မျိုး၊ အပင်ပေါင်း ၂၅၂၀ ပင်ကို စိုက်ပျိုးခဲ့ကြောင်းနှင့် သစ်ပင်များကို တစ်နိုင်ငံလုံး အရှိန်အဟုန်ဖြင့် နှစ်စဉ်စိုက်ပျိုးလျက်ရှိပြီး ယခုနှစ်မိုးရာသီတွင် နိုင်ငံပိုင်သစ်တောစိုက်ခင်းများအပါအဝင် သစ်ပင်ပေါင်း ၂၄ ဒသမ ၆၂၉ သန်း စိုက်ပျိုးတည်ထောင်ခဲ့ပြီးဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားသည်။

မြန်မာနိုင်ငံသည် အရှေ့တောင်အာရှဒေသတွင်း နိုင်ငံများအနက် အယ်နီညိုရာသီဥတု ပြောင်းလဲမှုဖြစ်စဉ်ကြောင့် စီးပွားရေးထိခိုက်မှုနှင့် ငွေကြေးဖောင်းပွမှု အမြင့်ဆုံးရင်ဆိုင်ရဖွယ်ရှိနေသော နိုင်ငံများစာရင်းတွင် ပါဝင်လျက်ရှိနေကြောင်း BMI Country Risk & Industry Research ၏ ဖော်ပြချက်များအရ သိရသည်။

အယ်နီညိုဖြစ်စဉ်ကြောင့် မိုးခေါင်ခြင်းအန္တရာယ်များ ဖြစ်လာနိုင်မှုနှင့်အတူ အာရှတိုက်တွင် လာမည့်နှစ်နှစ်အတွင်း ဆန်စပါးဈေးနှုန်းများပိုမိုမြင့်တက်လာဖွယ်ရှိနေသလို ရာသီဥတု ခြောက်သွေ့ခြင်းများကြောင့် အစားအစာစိုက်ပျိုးထုတ်လုပ်မှုများကို ထိခိုက်ရဖွယ်ရှိနေကြောင်း ကမ္ဘာ့မိုးလေဝသဌာနက သတိပေးထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *