October 18, 2024

၅. ၉. ၂၀၂၃
Written by Nyein Kyaw

ထိုင်းနိုင်ငံရှိ MoU မြန်မာအလုပ်သမားများအတွက် ပြည်ပအလုပ်အကိုင် အလုပ်သမားများ သက်သေခံကတ် (OWIC) ရိုက်နှိပ်ခြင်းများကို မြဝတီမြို့နှင့် ကော့သောင်းမြို့များတွင် One Stop Service ဖြင့် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင်က စက်တင်ဘာ ၄ ရက်တွင် နယ်စပ်ဂိတ်များမှတစ်ဆင့် ထိုင်းနိုင်ငံသို့ MoU U-turn စနစ်ဖြင့် အလုပ်သမားစေလွှတ်နိုင်ရေးအတွက် မြဝတီမြို့နှင့် ကော့သောင်းမြို့သို့ သွားရောက်တာဝန်ထမ်းဆောင်မည့် ဝန်ထမ်းများနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။

ထိုင်းနိုင်ငံ၌ နေထိုင်လုပ်ကိုင်လျက်ရှိသည့် MoU သက်တမ်းလေးနှစ်ပြည့် အလုပ်သမားများကို ထိုင်းနိုင်ငံသို့ အချိန်တိုအတွင်း ပြန်လည်ဝင်ရောက် လုပ်ကိုင်နိုင်ရန်အတွက် အလုပ်ရှင်၊ အလုပ်သမား အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူစာချုပ် ချုပ်ဆိုနိုင်ရန်အတွက် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း ဦးမြင့်နောင်က ပြောကြားသည်။

ထိုင်းနိုင်ငံသို့ ရောက်ရှိလုပ်ကိုင်နေသည့် MoU လေးနှစ်ပြည့် အလုပ်သမားများအတွက် အချိန်နှင့် ငွေကုန်ကြေးကျ သက်သာစေရေးနှင့် နှစ်နိုင်ငံ MoU U-turn စနစ်ကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် ရည်ရွယ်ဆောင်ရွက်သည့် လုပ်ငန်းစဉ်ဖြစ်ကြောင်း သိရသည်။

မြဝတီနှင့် ကော့သောင်းမြို့များတွင် တာဝန်ထမ်းဆောင်မည့် ဝန်ထမ်းများအနေဖြင့် ဝန်ကြီးဌာန၏ ရည်မှန်းချက်အား အောင်မြင်စေရေး စေတနာထား ဆောင်ရွက်ရန်လိုအပ်ကြောင်းနှင့် အလုပ်သမားများ OWIC လာရောက်ပြုလုပ်ရာတွင် လုပ်ငန်းစဉ်များ စနစ်တကျဆောင်ရွက်ပေးရန်နှင့် ငွေစာရင်းပိုင်းဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ လွဲမှားမှုမရှိစေရေး အလေးထားဆောင်ရွက်ရန် ပြည်ထောင်စုဝန်ကြီးက မှာကြားခဲ့သည်။

Photo- Ko Aung Than

Leave a Reply

Your email address will not be published. Required fields are marked *