October 18, 2024

MT News
၄. ၉. ၂၀၂၃

ယခုတစ်ပတ်စားသုံးဆီရည်ညွှန်းစျေးမှာ စက်တင်ဘာ ၄ ရက်မှ ၁၀ ရက်အထိ တစ်ပိဿာ ၄၁၆၀ ကျပ်ဖြစ်ပြီး အဆင့်ဆင့်တင်သောအမြတ်တွင် အမြတ်ငွေ ၁၀ ရာခိုင်နှုန်းထက်ကျော်၍ မရောင်းရန်နှင့် ဆီအသင်း၏အရောင်းဆိုင်များတွင် ရည်ညွှန်းစျေးဖြင့်ဝယ်မရပါက တိုင်ကြားရန် မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းက ယနေ့ကြေညာသည်။

မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းသည် စားသုံးဆီဈေးနှုန်းများ တည်ငြိမ်ရေးအတွက်ဆောင်ရွက် လျက်ရှိပြီး ၂၀၂၃ ခုနှစ်၊ ဩဂုတ် ၂၈ ရက်မှစကာ “စားသုံးဆီဈေးနှုန်း တည်ငြိမ်စေရေး လုပ်ငန်းအဖွဲ့”ကို အသင်း၏ စီမံခန့်ခွဲရေးကော်မတီဝင်များ၊ စားသုံးဆီတင်သွင်းသောကုမ္ပဏီများမှ ကိုယ်စားလှယ်များ ပါဝင်သော ၂၉ ဦးအဖွဲ့ဖြင့် ဖွဲ့စည်း၍ ဆီတင်သွင်းသောကုမ္ပဏီများမှ ဆီရောင်းချရေးကို စီမံဆောင်ရွက်ပေးလျှက်ရှိသည်။

စားသုံးဆီများကို ဈေးကွက်အတွင်း ပျံ့ပျံ့နှံ့နှံ့ရောက်ရှိစေရန်၊ စားသုံးသူများအားလက်လွဲပြောင်းမှု အနည်းဆုံးဖြင့် တိုက်ရိုက်ရောင်းချနိုင်ရန်၊ စားသုံးသူများသက်သာသောဈေးနှုန်းဖြင့် ဝယ်ယူရရှိနိုင်ရန်၊ ဆီအရောင်းဆိုင်ကြီးများအနေဖြင့် လက်ကားရည်ညွှန်းဈေးဖြင့် ဝယ်ယူရရှိနိုင်စေရန်၊ ပွင့်လင်းမြင်သာမှုရှိစေရန်စသော ရည်ရွယ်ချက်များဖြင့် ဆောင်ရွက်လျက်ရှိသည်ဟုလည်း ဆိုသည်။

ထိုသို့ လက်ကားရည်ညွှန်းဈေးဖြင့် ဝယ်ယူရရှိသော လက်ကားကုန်သည်ကြီးများ၊ အရောင်းဆိုင်ကြီးများအနေဖြင့် လက် ကားရည်ညွှန်းဈေးအပေါ်တွင် အသားတင်အမြတ်(၂) ရာခိုင်နှုန်းနှင့် အထွေထွေကုန်ကျစရိတ်ပေါင်းပြီးသော ဈေးနှုန်းဖြင့်ရောင်းချရန်နှင့် အဆင့်ဆင့်လက်လွဲ၍ ဝယ်ယူရောင်းချရသည့် တိုင်အောင်စားသုံးသူအထိ ရောင်းချရာတွင် ရည်ညွှန်းဈေးအပေါ်တွင် စုစုပေါင်း အမြတ်ငွေ ၁၀ ရာခိုင်နှုန်းထက် ကျော်လွန်၍ ရောင်းချခြင်းမပြုရန်လည်း အသိပေးနှိုးဆော်ထားသည်။

ယခုအခါ ရန်ကုန်မြို့ရှိ ဘုရင့်နောင်၊ ညောင်ပင်လေးဈေးနှင့် မြို့နယ်များရှိဈေးများ ရပ်ကွက်အတွင်းရှိ အရောင်းဆိုင်များအပြင် မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းခွဲများရှိရာ မြို့နယ်များဖြစ်သည့် နေပြည်တော်၊ မန္တလေး၊ မကွေး၊ ပဲခူး၊ ပြည်၊ တောင်ကြီး၊ မြင်းခြံ၊ ရွှေဘို၊ ပခုက္ကူ၊ အောင်လံ၊ ကျောက်ပန်း တောင်း၊ မိတ္ထီလာ၊ ပုသိမ်၊ မော်လမြိုင်၊ ရမည်းသင်း၊ ကျောက်ဆည်၊ ပြင်ဦးလွင်၊ ညောင်ဦး၊ မြိတ်၊ ကောင့်သောင်း၊ ထားဝယ်၊ လားရှိုး၊ ဘားအံ၊ စစ်တွေနှင့် မြစ်ကြီးနားစသည့် မြို့နယ်များတွင်လည်း ရောင်းချပေးလျှက်ရှိပါသည်။ အခြားပြည်နယ်နှင့်တိုင်းဒေသကြီးများအတွက် လည်း ဆက်လက်ဖြန့်ဖြူး ရောင်းချပေးမည်ဖြစ်သည်။

သို့ဖြစ်ပါ၍ အထက်ဖော်ပြပါမြို့နယ်များမှ အရောင်းဆိုင်များအနေဖြင့် လက်ကားရည်ညွှန်းဈေးဖြင့် ဝယ်ယူရရှိခြင်းမရှိ ပါက “စားသုံးဆီဈေးနှုန်းတည်ငြိမ်စေ ရေးလုပ်ငန်းအဖွဲ့ “သို့ ဆက်သွယ်တိုင်ကြားနိုင်ကြောင်းနှင့် ရုံးချိန်အတွင်း ဆက်သွယ်တိုင်ကြားနိုင်သည့်ဖုန်းနံပါတ်မှာ – ၁၉-၇၅၇၄၈၂၉၁၂ နှင့် ၀၉-၇၅၆၅၇၅၂၁၆ တို့ဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *