October 19, 2024

ကမ္ဘောဒီးယား ဝန်ကြီးချုပ်က အချုပ်အခြာအာဏာပိုင်နိုင်ငံတစ်နိုင်ငံကို အင်အားသုံးဆောင်ရွက်မှုကို ဆန့်ကျင်

အာဆီယံညီညွတ်မှု မေးခွန်းထုတ်စရာဖြစ်လျက်ရှိ

၅. ၉. ၂၀၂၃
Translated by Htwe Ko Tun

မလေးရှားနိုင်ငံက အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) ရဲ့ အဖွဲ့ဝင်နိုင်ငံတွေကို မြန်မာနိုင်ငံရဲ့ အာဏာရတပ်မတော်ဗိုလ်ချုပ်ကြီးတွေအပေါ် ပြင်းထန်တဲ့ သတ်မှတ်ဆောင်ရွက်ချက်တွေ ပြဌာန်းအရေးယူဖို့ စက်တင်ဘာလ ၄ ရက်က တောင်းဆိုမှုပြုလိုက်ပါတယ်။

ပဋိပက္ခဖြစ်ပွားမှုကြောင့် ပျက်စီးဆုံးရှုံးမှုတွေ ဖြစ်နေရတဲ့ မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးစီမံချက်တစ်ရပ်ဖန်တီးနိုင်ဖို့အတွက်ကို မြန်မာနိုင်ငံရဲ့ နစကအစိုးရ ဗိုလ်ချုပ်ကြီးတွေက ပိတ်ဆို့မှုများဖန်တီးကာ တားဆီးနေတယ်လို့ မလေးရှားက စွပ်စွဲခဲ့ပါတယ်။

မြန်မာနိုင်ငံအတွက် အာဆီယံအဖွဲ့ရဲ့ ထိရောက်မှုမရှိအချိန်ကြာနေတဲ့ ငြိမ်းချမ်းရေးစီမံချက်ကို ပြန်လည် သုံးသပ်ကြမယ့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေရဲ့ အစည်းအဝေးမှာ မလေးရှားက အခုလို မြန်မာနိုင်ငံ နစကအစိုးရကို တိုက်ခိုက်တဲ့ပေးပို့ချက်ကို ပြုလုပ်လာတာပါ။

မလေးရှားနိုင်ငံခြားရေးဝန်ကြီးဇမ်ဘရီအဗ္ဗဒူလ်ကဒါက “မလေးရှားနဲ့ တခြားအဖွဲ့ဝင်နိုင်ငံတွေကမြန်မာနိုင်ငံ နစက အစိုးရအပေါ် ထိရောက်ပြင်းထန်တဲ့ အရေးယူဆောင်ရွက်မှုတွေမပြုလုပ်ဘဲ အခြေအနေကိုဒီအတိုင်း ခွင့်ပြုမထားနိုင်တော့ဘူးလို့ သုံးသပ်ခဲ့ကြတယ်” လို့ ဂျာကာတာမြို့မှာပြုလုပ်တဲ့ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးအပြီးမှာ သတင်းထောက်တွေကိုပြောခဲ့ပါတယ်။ ဒါပေမယ့် သူက တခြားအဖွဲ့ဝင်နိုင်ငံတွေလို့ဆိုရာမှာ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေအနက် ဘယ်နိုင်ငံတွေလဲဆိုတာ မပြောခဲ့ပါဘူး။

အာဆီယံနိုင်ငံတွေက ခေါင်းဆောင်တွေအနေနဲ့ ဂျာကာတာမှာပြုလုပ်မယ့် ထိပ်သီးဆွေးနွေးပွဲမှာ မြန်မာနိုင်ငံအရေး၊ တောင်တရုတ်ပင်လယ်အရေး၊ ဒေသတွင်းစီးပွားရေး၊ နိုင်ငံဖြတ်ကျော်မှုခင်းတွေကိစ္စနဲ့ တခြားအကြောင်းအရာတွေကိုပါ ဆွေးနွေးကြမှာပါ။

အာဆီယံက အများသဘောတူဆန္ဒငါးချက်လို့ ခေါ်တဲ့ မြန်မာနိုင်ငံအတွက် ငြိမ်းချမ်းရေးစီမံချက်တစ်ရပ်ကို ချမှတ်ထားခဲ့တာပါ။ အဲဒီစီမံချက်က မြန်မာနိုင်ငံအတွင်းပဋိပက္ခကိုအဆုံးသတ်ကြဖို့ တောင်းဆိုထားပြီး ဆက်စပ်အဖွဲ့တွေအားလုံးပါဝင်တဲ့ဆွေးနွေးပွဲတစ်ရပ်ပြုလုပ်ဖို့တောင်းဆိုထားပါတယ်။ ဇမ်ဘရီ ကတော့ အာဆီယံရဲ့ ငြိမ်းချမ်းရေးစီမံချက်ဟာ မြန်မာအစိုးရရဲ့ အတားအဆီးတွေကြောင့် ထိရောက်မှု မရှိခဲ့ဘူးလို့ ပြောခဲ့ပါတယ်။

မြန်မာအစိုးရက ထိုကဲ့သို့စွပ်စွဲဝေဖန်ချက်တွေကို ငြင်းဆိုခဲ့ပြီး မြန်မာအစိုးရအနေနဲ့ ပြည်တွင်းရောပြည်ပမှာပါ နိုင်ငံ့ရန်သူတွေကို ကာကွယ်ဖို့ဆောင်ရွက်နေတာဖြစ်တယ်လို့ပြောခဲ့ပါတယ်။

မြန်မာနိုင်ငံရဲ့ ပဋိပက္ခအခြေအနေက ၁၉၆၀ ပြည့်လွန်နှစ်တွေကစလို့ ကွန်မြူနစ်ဝါဒပျံ့နှံ့မှုကိုတားဆီးဖို့ ရည်ရွယ် တည်ထောင်လာခဲ့တဲ့ အာဆီယံအတွင်း နိုင်ငံရေးအရ အမျိုးမျိုးကွဲပြားနေမှုက အဖွဲ့ကြီးရဲ့ထိရောက်မှုရှိမှုနဲ့ ညီညွတ်မှုတို့ကို မေးခွန်းထုတ် သံသယဖြစ်စရာတွေဖြစ်လာခဲ့ပါတယ်။ အာဆီယံအဖွဲ့က လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကပဲ အနောက်အုပ်စုရဲ့‌မြန်မာနိုင်ငံကိုခေါင်းဆောင်ခဲ့တဲ့ တပ်မတော် ဗိုလ်ချုပ်ကြီးတွေကို အထီးကျန်ထားဖို့နဲ့ ပိတ်ဆို့မှုတွေပြုဖို့ ဖိအားပေးချက်တွေကို ကြံကြံခံခဲ့ရင်း မြန်မာစစ်အစိုးရခေါင်းဆောင်တွေကို အပြုသဘောဆက်ဆံမှုတွေပဲ မြှင့်တင်ခဲ့တာပါ။

အာဆီယံအနေနဲ့ ဆယ်စုနှစ်ပေါင်းများစွာလည်း သူ့ရဲ့ အခြေခံမူဖြစ်တဲ့ အဖွဲ့ဝင်နိုင်ငံတစ်ခုရဲ့ ပြည်တွင်းရေးကို ဝင်ရောက်မစွက်ဖက်ရေးနဲ့ အများသဘောတူညီချက်နဲ့ သဘောတူညီချက်ရယူရေး မူဝါဒကို လက်ကိုင်ထားဆောင်ရွက်ခဲ့တာပါ။

ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ် ဟွန်မာနက်ကတော့ အန္တရာယ်ပေါင်းစုံတိုးတက်ဖြစ်ပွားနေတဲ့ ကမ္ဘာကြီးမှာ အချုပ်အခြာအာဏာပိုင်နိုင်ငံတစ်ခုကို အင်အားအသုံးပြုမှုကို အာဆီယံအနေနဲ့တားဆီးရမယ်လို့ ပြောခဲ့ပါတယ်။ ဟွန်မာနက် က “အခုကာလက အင်အားကြီးနိုင်ငံတွေအကြား ကြီးမားတဲ့မသေချာမရေရာမှုတွေ၊ ပထဝီနိုင်ငံရေးပြိုင်ဆိုင်မှုတွေနဲ့အတူ ကျွန်တော်တို့တွေခက်ခဲကျပ်တည်းတဲ့ကာလမှာ နေထိုင် နေကြရတာဖြစ်ပြီး ဒီလိုအခြေအနေကြောင့် ဒေသတွင်းစီးပွားရေးနဲ့ ကမ္ဘာ့စီးပွားရေးနဲ့ ကုန်သွယ်ရေးတို့မှာ ပြောင်းလဲမှုတွေဖြစ်နေတာတွေ့ရမှာပါ။ ငြိမ်းချမ်းရေး၊ လုံခြုံရေးနဲ့ အာဆီယံချမ်းသာကြွယ်ဝရေးတို့ကိုလည်း ကြီးမားတဲ့ဖိအားတွေရှိလာနေတယ်။ ဒီအချိန်မှာ အာဆီယံရော၊ နိုင်ငံတကာအသိုက်အဝန်း အနေနဲ့ပါ အချုပ်အခြာအာဏာပိုင်နိုင်ငံတစ်နိုင်ငံကို အင်အားသုံးဆောင်ရွက်မှုကို လုံးဝဆန့်ကျင်ရမှာပါ” လို့ ပြောခဲ့ပါတယ်။

အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ရတ်နို မာဆူဒီကတော့ မြန်မာနိုင်ငံအတွက်ငြိမ်းချမ်းရေးစီမံချက် အပေါ်သုံးသပ်မှုတွေကို ဒီရက်သတ္တပတ်အကုန်ရက်တွေမှာ အဖွဲ့ဝင်နိုင်ငံတွေရဲ့ ခေါင်းဆောင်တွေကို ပြန်လည်တင်ပြမယ်လို့ဆိုပါတယ်။ မာဆူဒီက အာဆီယံအဖွဲ့ဝင်နိုင်ငံတွေအကြား ညီညွတ်မှုရှိကြရေးနဲ့ တစ်ဦးပေါ်တစ်ဦး ယုံကြည်မှုရှိကြရေးတို့အတွက်လည်းတိုက်တွန်းခဲ့ပါတယ်။ အင်ဒိုနီးရှားအနေနဲ့ မြန်မာပဋိပက္ခအခြေအနေအတွက် ကြိုးပမ်းဆောင်ရွက်နေမှုတွေရှိကြောင်းလည်း ပြောခဲ့ပါတယ်။

Ref—Reuters

Leave a Reply

Your email address will not be published. Required fields are marked *