၅. ၉. ၂၀၂၃
Written by Hey Mahn
ရှမ်းပြည်နယ် (မြောက်ပိုင်း) ကွတ်ခိုင်ခရိုင်၊ ကွတ်ခိုင်မြို့နယ်အတွင်း ကျရောက်နေတဲ့ ဧရိယာအကျယ်အဝန်းအားဖြင့် ဧက ၃၀၂၀ ရှိတဲ့ နယ်မြေကို “ကောင်းခါးကြိုးပြင်ကာကွယ်တော” အဖြစ် အမိန့်ကြော်ငြာစာအမှတ် (၁၀၁/၂၀၂၃) အရ ၁၃၈၅ ခုနှစ်၊ ဝါခေါင် လဆန်း (၁၄) ရက်၊ (၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၃၀ ရက်) မှစ၍သတ်မှတ်ကြောင်း စက်တင်ဘာ ၄ ရက်မှာသယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက ထုတ်ပြန်ကြေညာလိုက်ပါတယ်။
ကောင်းခါးကြိုးပြင်ကာကွယ်တောနယ်မြေဟာ ပင်လယ်ရေမျက်နှာပြင်အထက် ၄၀၀၀ ကျော်မှာ တည်ရှိနေပြီး ကောင်းခါးကြိုးပြင်ကာကွယ်တောဧရိယာ သတ်မှတ်ခြင်းအားဖြင့် အဆိုပါဧရိယာအတွင်း ပေါက်ရောက်လျက်ရှိတဲ့ ယမနေ၊ ထောက်ကြံ့၊ ထင်းရှူး၊ ယင်းတိုက်၊ တောင်တမာစတဲ့ အဖိုးတန်သစ်မျိုးတွေအပါအဝင် ချဉ်ယုတ်၊ သဖန်း၊ ကတွတ်၊ မက်ခေါက်၊ ညံ၊ သစ်အယ်၊ ချယ်ရီရိုင်း၊ လက်ပံ စတဲ့ ဒေသမျိုးရင်းသစ်မျိုးတွေကိုပါ ထိန်းသိမ်းနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် မျိုးသုဉ်းပျောက်ကွယ်နိုင်တဲ့ အပင်မျိုးစိတ်တွေနဲ့ တောရိုင်းတိရစ္ဆာန်တွေကို ကာကွယ်နိုင်ခြင်း၊ နေထိုင်ကျက်စားလျက်ရှိတဲ့ သမင်၊ ဒရယ်၊ ချေ၊ တောဝက်၊ တောကြောင်၊ တောကြက်စတဲ့ တောရိုင်းတိရစ္ဆာန်တွေရဲ့ နေရင်းဒေသတိုးပွားလာနိုင်ခြင်းနဲ့ နမ့်တဲဝမ်းချောင်းရဲ့ ရေဝေရေလဲဧရိယာကို ထိန်းသိမ်းနိုင်မည်ဖြစ်ခြင်း စတဲ့အကျိုး ကျေးဇူးများရရှိနိုင်မှာဖြစ်တယ်လို့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနက ထုတ်ပြန်ကြေညာထားပါတယ်။
“ကောင်းခါးက သူ့ရဲ့ ဒေသပေါက်ပင်တွေက တခြားဒေသနဲ့ မတူဘူး။ ဧရာဝတီ၊ ရန်ကုန်၊ နေပြည်တော်၊ ပဲခူးတိုင်းမှာရှိတဲ့ အပင်တွေလည်း ဒီကောင်းခါးသစ်တောကြိုးပြင်ဧရိယာမှာ ရှိသလို အဲ့ဒီဒေသမှာ မပေါက်နိုင်တဲ့ အပင်တွေလည်း ကောင်းခါးဧရိယာမှာရှိတယ်။ ထူးခြားတာကတော့ဗျာ ညံတို့၊ သစ်အယ်တို့ ၊ ချယ်ရီရိုင်းတို့ ဒီလိုအပင်တွေပေါ့။ နောက် ထင်းရှူးလည်းရှိတယ်။ သစ်မျိုးစုံ၊ ပန်းမျိုးစုံက သီးပွင့်လာတဲ့ ဇီဝမျိုးကွဲတွေ ရှိတယ်။ အပင်ကို မူတည်ပြီးမှ တောတိရစ္ဆာန်ဆိုတာက ဖြစ်တည်တာ။ ရှိတာ။ ရေဝေရေလဲ ဧရိယာတွေဖြစ်တဲ့ ချောင်းမြောင်းတွေရဲ့ အထက်ပိုင်းမှာ ရေပိုစုတဲ့နေရာတွေရဲ့ အထက်ပိုင်းမှာ တောကရှိလို့ အခုလို ကောင်းခါးကြိုးပြင်ကာကွယ်တောအဖြစ်သတ်မှတ်တာက အင်မတန် အကျိုးကျေးဇူးရှိပါတယ်”လို့ ရှမ်းပြည်နယ်မြောက်ပိုင်း သစ်တောဦးစီးဌာနမှ ညွှန်ကြားရေးမှုး ဦးသန်းဆင့်က MT News ကို ပြောပါတယ်။
ယခင်က ကောင်းခါးဒေသရဲ့ မြေတွေက မြေလွတ်မြေရိုင်းတွေဖြစ်ပြီး၊ မြေလွတ်မြေရိုင်းရဲ့ သဘောတရားက အခြားမြေအသုံးချမှုကို အလွယ်တကူ ပြောင်းလဲသွားနိုင်တာကြောင့် ၊ သဘာဝအလျှောက်ပေါက်ရောက်နေတဲ့ အပင်မျိုးစိတ်တွေ၊ တရိစ္ဆာန်တွေဟာလည်း လျော့ပါးပျောက်ကွယ်သွားနိုင်တယ်လို့ အဆိုပါ ညွှန်ကြားရေးမှုးက ဆက်လက်ရှင်းပြပါတယ်။
အခုလို ပြည်ထောင်စု အစိုးရက သစ်တောကြိုးဝိုင်းဧရိယာအဖြစ် သတ်မှတ်လိုက်ခြင်းအားဖြင့် သစ်တောဦးစီးဌာနက တိုက်ရိုက်ထိန်းသိမ်းကာကွယ်ပြီးသားဖြစ်သလို နိုင်ငံတော်အတွက် ပြန်လည်စိုက်ပျိုးထိန်းသိမ်းခြင်းဆိုတဲ့ နည်းထက် ပိုမိုကောင်းမွန်တဲ့အပြင် နိုင်ငံတော်ရဲ့ ဘဏ္ဏာငွေကိုလည်း ချွေတာပြီးသားဖြစ်တယ်လို့ သိရပါတယ်။
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန စီမံခန့်ခွဲရေးဌာနမှ ညွှန်ကြားရေးမှုး ဦးစောဘဟိန်းက “ကြိုးဝိုင်းဖွဲ့တယ်ဆိုရင် ကြေးတိုင်ဆိုပြီးတော့ သတ်မှတ်ပြီးကြေညာရတာပေါ့နော်။ ဒီနေရာကိုကြိုးဝိုင်းဖွဲ့ပါ့မယ်။ အဲ့ဒီမှာအကျိုးကျေးဇူးတွေက ဘာရှိပါ့မယ်။ ဒေသခံတွေရဲ့ မြေယာတွေရှိနေရင်လည်း သူတို့နဲ့ ကွင်းဆင်းထိတွေ့ပြီး ရှင်းလင်း ပြောပြတာ၊ မြေယာတွေကို ဆက်လက် လုပ်ကိုင်ခွင့်အတွက် သက်ဆိုင်ရာ လုပ်ထုံးလုပ်နည်းတွေနဲ့ အညီ ပြန်လည်လျှောက်ထားခိုင်းတာ၊ ဒါတွေကို ဌာနဆိုင်ရာ ဝန်ထမ်းတွေအနေနဲ့ ဒေသခံတွေကို ပူးပေါင်းပါဝင်လာအောင် ညှိုနှိုင်းဆွေးနွေးမှုတွေလုပ်ရပါတယ်”လို့ MT News ကို ပြောပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့မှာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်တုန်းက လွယ်ဆမ်ဆစ်တောင်ဧရိယာကို သဘာဝဘေးမဲ့တောနဲ့ အနေနဲ့ သတ်မှတ်ခဲ့ပြီး ဧက ၁၅၀၀၀ ရှိတယ်လို့ သိရပါတယ်။ ဒါ့အပြင် ယခင်ကတည်းကလည်း ကွတ်ခိုင် သစ်တောကြိုးဝိုင်း ၊ ဟိုးနားသစ်တောကြိုးဝိုင်း စသည်ဖြင့် ဖွဲ့စည်းထိန်းသိမ်းထားတာတွေလည်း ရှိတယ်လို့ သိရပါတယ်။