၄. ၉. ၂၀၂၃
Written by Phyo Wei
ရေစကြိုမှာ ဖြစ်ပွားတဲ့ ဆောက်လုပ်ရေးလုပ်ငန်းရှင်အမျိုးသမီးတစ်ယောက်၊ အင်ဂျင်နီယာအမျိုးသမီး တစ်ယောက်နဲ့ ဆောက်လုပ်ရေးလုပ်သား ၃ ဦးကို PDF တွေက သတ်ဖြတ်လုယက်တဲ့ ဖြစ်စဉ်၊ မြိုင်မြို့မှာ ဆရာ၊ ဆရာမ ၉ ဦးကို နစကယန္တရားလည်ပတ်အောင်လုပ်ပေးတဲ့ စွပ်စွဲမှုနဲ့ PDF တွေဖမ်းဆီးတာ၊ မြ၀တီခရိုင်ရဲစခန်းကို Cobra Column နဲ့ Federal Wings PDF အဖွဲ့က ဒရုန်းနဲ့ ပစ်ခတ်တာကြောင့် စစ်ဘက်အရပ်ဘက်ဝန်ထမ်းငါးဦးသေဆုံးပြီး ၁၁ ဦးဒဏ်ရာရခဲ့တဲ့ ဒီရက်သတ္တပတ်မှာဆိုရင် နေရာအနှံ့မှာ ပြည်သူတွေ အစုလိုက်အပြုံလိုက်သတ်ဖြတ်ခံရမှုတွေ အပြင် မကြားဝံ့မနာသာမုဒိမ်းမှုတွေလည်း ဖြစ်ခဲ့သေးတာပါ။
တစ်ဖက်မှာလည်း ဘင်္ဂါလီလက်နက်ကိုင် ARSA ဟာ လေးဖွဲ့ကွဲသွားပြီး Arakan Rohingya Army (ARA) ဆိုတဲ့အဖွဲ့တစ်ခုထပ်ဖွဲ့လာတယ်ဆိုတဲ့ သတင်းတွေကြားမှာပဲ မြန်မာ့နိုင်ငံရေးအကျပ်အတည်းက အချိန်ယူဖြေရှင်းရမှာလို့ အာဆီယံဥက္ကဋ္ဌဖြစ်တဲ့ အင်ဒိုနီးရှားသမ္မတဂျိုကိုဝီဒိုဒို ထုတ်ပြောခဲ့သလို ထိုင်း-မြန်မာ-တရုတ်နယ်စပ်က တရုတ်ရာဇဝတ်ဂိုဏ်းတွေကို မြန်မာ-တရုတ် ပူးပေါင်းနှိမ်နင်းဖို့ အစိုးရအချင်းချင်းကတိပြုခဲ့ကြတယ်ဆိုတဲ့ ဒီတစ်ပတ်ရဲ့ နိုင်ငံရေးသုံးသပ်ချက်အဖြစ်တော့ လက်ရှိအချိန်အထိ ပုံမှန်မလည်ပတ်နိုင်သေးတဲ့ ကျန်းမာရေးကဏ္ဍမှာ ဒီနှစ်မကုန်ခင် ကျန်းမာရေးဝန်ထမ်း၂၄ ဦးအထက် သတ်ဖြတ်ခံထားရတယ်ဆိုတဲ့အကြောင်း၊ ရွှေတိဂုံပုံတူစေတီတည်ဖို့အတွက် အလှုငွေသိန်း ၂၀၀၀၀ ကျော်ကို လုယက်သွားတယ်ဆိုတဲ့အကြောင်းနဲ့ PDF တွေကို လှုကြတဲ့အလှုငွေတွေက နည်းသထက်နည်းလာတဲ့အကြောင်းတွေကို တင်ပြချင်ပါတယ်။
“၂၄ ဦးအထက် သတ်ဖြတ်ခံထားရတဲ့ ကျန်းမာရေးဝန်ထမ်း”
၂၀၂၃ ခုနှစ် ဇန်နဝါရီ ၁ ရက်ကနေ သြဂုတ် ၈ ရက်အထိ မြန်မာနိုင်ငံရဲ့ ကျန်းမာရေးစောင့်ရှောက်မှုစနစ်(Health Care System) အပေါ် တိုက်ခိုက်ခံရမှု အနည်းဆုံး ၂၃၁ ကြိမ်ဖြစ်ပွားခဲ့တဲ့အကြောင်း ဆွတ်ဇာလန်နိုင်ငံအခြေစိုက် သုတေသန အင်စတီကျူးရှင်းတစ်ခုဖြစ်တဲ Insecurity Insight အဖွဲ့က သတင်းထုတ်ပြန်လာပါတယ်။ ဒီလိုမျိုး NUG၊ PDF တွေက တိုက်ခိုက်မှုတွေ ဖြစ်ပွားချိန်အတွင်း ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းတွေ လုပ်ကိုင်နေတဲ့ ဝန်ထမ်း အနည်းဆုံး ၂၄ ယောက် သေဆုံးခဲ့တာကြောင့်လည်း လူနာတွေရဲ့ လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ဖို ထိခိုက်မှုတွေ ဖြစ်လာစေခဲ့ပါတယ်။ ဒါ့အပြင် ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၁ ရက်ကနေ သြဂုတ် ၈ ရက်အထိ ကျန်းမာရေးဝန်ထမ်း ၅ ယောက် ပြန်ပေးဆွဲခံရပြီး ကျန်းမာရေးဝန်ထမ်း ၁၃ ယောက် ဒဏ်ရာရခဲ့တယ်လို့လည်း ဖော်ပြခဲ့ပါသေးတယ်။ ရှစ်လမပြည့်တဲ့ အဲ့ဒီ ကာလအတွင်း ကျန်းမာရေးဆိုင်ရာအဆောက်အဦတွေ ဒရုန်းနဲ့ တိုက်ခိုက်ခံရတာ၊ အမြောက်ကျည်ဆံတွေကျတာ စတဲ့ အဖြစ်အပျက်ပေါင်း အနည်းဆုံး ၇၃ ကြိမ်ဖြစ်ပွားခဲ့ပြီး ပြည်သူတွေရဲ ကျန်းမာရေးစောင့်ရှောက်မှုခံယူရေးကို သက်ရောက်မှုတွေ ဖြစ်လာခဲ့ပါတယ်။
တကယ်တော့ မြန်မာနိုင်ငံရဲ့ ကျန်းမာရေးစောင့်ရှောက်မှုစနစ်ဟာ ကိုဗစ်ကာလမတိုင်ခင်ကတည်းက လိုအပ်ချက်အများကြီးရှိနေတာကြောင့် ငွေကြေးရှိသူတွေဟာ မြန်မာဆရာဝန်တွေနဲ့ မကုဘဲ ထိုင်း၊ အိန္ဒိယ စတဲ့နိုင်ငံတွေကိုသွားကုနေပြီး အစိုးရဆေးရုံတွေကတော့ အထူးကုဆေးခန်းတောင် မပြနိုင်တဲ့ သာမန်ပြည်သူတွေပဲ ကုသနေတာပါ။ ၂၀၂၁ နွေဦးတော်လှန်ရေးဖြစ်စဉ်မှာတော့ ဆရာဝန်တွေ CDM လုပ်ပြီး ဆေးရုံတွေပိတ်၊ ကုသမှုခံယူနေတဲ့ လူနာသောင်းနဲ့ချီကို အိမ်ပြန်စေခဲ့တာကြောင့် အဲဒီအချိန်ကတည်းက ဆေးကုသမှုမခံယူလိုက်ရတဲ့ အပြစ်မဲ့ပြည်သူအများအပြားသေကြေခဲ့တာပါ။ လက်ရှိမှာလည်း CDM ဆရာဝန်တွေကြောင့် ဆေးရုံတွေ အားပြည်အင်ပြည့်မလည်ပတ်နိုင်သေးချိန်မှာ ဒီလိုမျိုးသတ်ဖြတ်မှုတွေဟာ အခြေခံလူတန်းစားတွေရဲ့ ဆေးကုသခံယူခွင့်တွေကိုပဲ အဓိကထိခိုက်စေပါတော့တယ်။
“ရွှေတိဂုံပုံတူစေတီတည်ဖို့အလှူငွေ လုယက်ကြမှု”
သဲဖြူဆရာတော်ကြီး မဟာမြိုင်တောရမှာ ရွှေတိဂုံပုံတူစေတီတည်ဖို့ အလှူငွေသိန်း ၂၀၀၀၀ ကျော် လုယက်သွားတဲ့အပြင် သီလရှင်တစ်ပါးကို မုဒိမ်းကျင့် သီလရှင်နှစ်ပါးကို ဖမ်းဆီးသွားတယ်ဆိုတဲ့ သတင်းဟာ ငြိမ်းချမ်းစွာနေထိုင်လိုတဲ့ ဗုဒ္ဓဘာသာဝင်တွေရဲ့ စိတ်နှလုံးကို ညှိုးချုံးစေခဲ့ပါတယ်။
NLD,NUG,PDF တို့ရဲ့ နွေဦးတော်လှန်ရေးအစဖြစ်စဥ်ကတည်းက ဒီတော်လှန်ရေးကို မထောက်ခံလို့ ဗုဒ္ဓဘာသာဝင်ရဟန်းတွေ သတ်ဖြတ်ခံရတာ ၈၂ ပါးရှိပြီဖြစ်ပြီး ဒီလိုဖြစ်စဥ်တွေထဲမှာ သဲဖြူဆရာတော်ကျောင်းကို လုယက်သတ်ဖြတ်မုဒိမ်းမှူကျုးလွန်တာကတော့ အဆိုးဆုံးလို့ပြောရမှာပါ။ ဘာကြောင့်လဲဆို အဲဒီဖြစ်စဥ်မှာ ဆရာတော်ကြီးရဲ့ ကျန်းမာရေးအတွက် Medical Cover ထားတဲ့ ရဟန်းတော်တစ်ပါးကိုပါ လူဝတ်လဲသတ်ဖြတ်လိုက်တဲ့ဖြစ်စဥ်လည်း ပါဝင်ခဲ့တယ်လို့ ဆိုခဲ့ကြတာကြောင့်ပါ။ သံဃာတော်အပါး ၈၀ ကျော် သတ်ဖြတ်ခံရတဲ့အထဲမှာ အများဆုံးသတ်ဖြတ်ခံရတာကလည်း အခု မဟာမြိုင်တောရှိတဲ့ စစ်ကိုင်းတိုင်းပါပဲ။ စစ်ကိုင်းတိုင်းဟာ နွေဦးတော်လှန်ရေးစကတည်းက KIA ရဲ့ Buffer Zone ဖြစ်လာခဲ့သလို ဘာသာမတူတဲ့လက်နက်ကိုင်တွေက စစ်ရေးဦးဆောင်နေလို့လည်း စစ်ကိုင်းတိုင်းက သံဃာသတ်ဖြတ်ခံရမှုအများဆုံးဖြစ်လာတဲ့ အခြေအနေလို့ပြောရမှာပါ။
“အလှူခံရငွေ နည်းသထက်နည်းလာတဲ့ PDF”
NUG ဩဇာခံဖြစ်တဲ့ မြင်းခြံခရိုင် တပ်ရင်း (၅) PDF တွေဖြစ်တဲ့ MG6 ပြောက်ကျားတပ်ရဲ့ လူသတ်လုယက်မှု ၁၀၀ ကျော်၊ ချောင်းဦးပကဖလေးဦးက အမျိုးသမီးနဲ့ ကလေးငယ် ၇ ဦးကို မုဒိမ်းလူသတ်မှုကျုးလွန်ခဲ့တာ၊ ဆော PDF ၈ ယောက်က အသက် ၂၂ နှစ်အရွယ် အမျိုးသမီးငယ်ကို အကြိမ်ကြိမ်အုပ်စုဖွဲ့ မုဒိမ်းကျင့်တာ၊ မုံရွာမှာ မွေးဖွားလုနီး ကိုယ်ဝန်ဆောင်သည် မအေးငြိမ်းသူကို ဓားပြတိုက်ရင်း သတ်ဖြတ်လိုက်တဲ့ Monywa Force PDF အဖွဲ့တွေရဲ့ လုပ်ရပ်အပြီးမှာ ကာမနှောင့်ယှက်မှုတွေနဲ့ လူသတ်မှု ၂၀ ကျော် ကျုးလွန်ထားတဲ့ ယော PDF ဧကရာဇ်မုန်တိုင်း အဖွဲ့ စတာတွေအပြင် တခြားသော PDF တွေရဲ့ လုယက်သတ်ဖြတ်ဆက်ကြေးကောက်တာတွေကလည်း အများအပြားပေါ်ထွက်လာနေတာပါ။ ဒါတွေဘာကြောင့် ပေါ်ထွက်နေရတာလဲဆိုရင် အလုပ်မလုပ်ဘဲ လက်နက်ကိုင်သွားတဲ့ လူငယ် PDF တစ်သိန်းလောက်ကို ပြည်သူက လုံလောက်အောင်မလှူနိုင်လို့ပါ။
NUG ရဲ့ ကာကွယ်ရေးဝန်ကြီးဌာနထုတ်ပြန်ချက်အရ PDF တွေကို လှူဒါန်းမှူဟာ ၁၇ လအတွင်းမှာ ဒေါ်လာ ၁၀ သန်းကျော်ပဲရှိလို့ တစ်လကို ဒေါ်လာ ၆ သိန်းကျော်ပဲရလို့ပါ။ ဒီအချိန်မှာ တပ်မတော်ရဲ့ အသုံးစရိတ်ဟာ တစ်နှစ်ဒေါ်လာ သန်း ၂၀၀၀ အထက်မို့လို့ ဘယ်လောက်ကွာလဲ ချိန်ဆနိုင်မှာပါ။ တစ်လဒေါ်လာ ၆ သိန်းကျော်ဟာ အင်အားတစ်သိန်းလောက်ရှိတဲ့ PDF တွေအတွက် လက်နက်ဝယ်ဖို့တောင်အလုံအလောက်မရပါဘူး။ စားဖို့၊ စစ်တိုက်ဖို့၊ တခြားအသုံးအဆောင်တွေ၊ ကျည်တွေဝယ်ယူမယ်ဆို ဘယ်လိုမှ မဖြစ်နိုင်တဲ့ပမာဏပါ။ ဒီအခြေအနေမှာ PDF တွေအတွက် ဆက်လက်ရပ်တည်ဖို့ တစ်ခုတည်းသော ရွေးချယ်စရာက “သူလျှို၊ ဒလန်၊ နစကယန္တရားလည်ပတ်အောင်လုပ်ပေးသူ”ဆိုတဲ့ စွပ်စွဲချက်နဲ့ သူတို့သတ်သူတွေရဲ့ ပိုင်ဆိုင်မှုပါ သိမ်းတော့တာပါပဲ။ ဒီလိုလုပ်ရပ်မျိုးကို ပြည်သူ့စစ်လို တခြားလက်နက်ကိုင်သာလုပ်မယ်ဆို ဒါဟာ လူသတ်ဓားပြတိုက်တာလို့ အပြောအဆိုခံ ကမ္ဘာသိအောင်မျက်ရည်ချူကြမှာဖြစ်ပေမဲ့ PDF လုပ်သွားရင်တော့ နှုတ်ဆိတ်ကုန်ကြပြီး အဓမ္မကို အဓမ္မလို့ မပြောရဲတော့တဲ့ အကြောက်တရားကို အပြည့်အဝမြင်ရမှာပါ။
အခြားသောတစ်ဖက်မှာဆိုရင်လည်း PDF တွေဟာ ပုံစံအမျိုးမျိုးနဲ့ အလှူခံ၊ Fund တွေရှာ၊ မဲတွေရောင်းနေပေမဲ့ ဘယ်သူကမှ မဝယ်ကြတော့တဲ့အပြင် NUG ရဲ့ လေထဲကမြေ၊ မသေချာတဲ့ ငွေတိုက်စာချုပ်တွေနဲ့ ရိနဲ့နဲ့ နွေဦးထီဟာလည်း ထိုးသူမရှိသလောက်ပါ။ ဒီလိုမျိုး မလှူတော့တာ၊ ထောက်ပံ့မှုကျလာတာ၊ NUG ရဲ့ စိတ်ကူးယဥ်မြေတွေ၊ စာချုပ်တွေ ဘယ်သူမှမဝယ်တော့တာဟာ တော်လှန်ရေးကို စိတ်ဝင်စားမှုလျော့ကျတယ်ဆိုတာထက် လက်နက်ကိုင်တာနဲ့ရမ်းကားနှိပ်စက် အနိုင်ကျင့်ပြီး ဒီလူတွေကလည်း စစ်သည်ကောင်းဖြစ်လာမှာမဟုတ်ဘူး။ သူတို့ကဲ့ရဲ့ဆဲဆိုခဲ့သူတွေလိုပဲဖြစ်လာမှာ ဆိုတာကို သဘောပေါက်လာကြလို့ အဆိပ်ပင်ရေမလောင်းတော့တာလည်း ဖြစ်နိုင်တယ်ဆိုတာ တွေးဆပြရင်း ဒီတစ်ပတ်ရဲ့နိုင်ငံရေးသုံးသပ်ချက်ကို ရပ်နားလိုက်ပါတယ်။