၂. ၉. ၂၀၂၃
Translated by Htwe Ko Tun
ဂါဘွန်နိုင်ငံ၏ အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်ကြီး ဘရိုက်စ် အိုလီဂွီ နျူးမား(General Brice Oligui Nguema)က နိုင်ငံတွင် ဒီမိုကရေစီစနစ်ကို ပြန်လည်တည်ဆောက်ပေးမည်ဖြစ်ကြောင်း စက်တင်ဘာ ၁ ရက်တွင် ကတိပြုပြောကြားခဲ့ပြီး ၎င်းတို့၏အာဏာရယူထားမှုက ခေတ္တသာဖြစ်ကြောင်းလည်းပြောကြားခဲ့သည်။ သို့ရာတွင် ၎င်းက ရွေးကောက်ပွဲအသစ်များကို မည်သည့်အချိန်တွင် ပြန်လည်ကျင်းပသွားမည်ကိုမူ ပြောကြားခြင်းမရှိခဲ့ပေ။
ဗိုလ်ချုပ်ကြီးနျူးမားက နိုင်ငံ၏အဖွဲ့အစည်းများကိုလည်း ပို၍ ဒီမိုကရေစီနည်းလမ်းကျစွာ တည်ဆောက်ပေးသွားမည်ဟုပြောခဲ့သည်။ သို့ရာတွင် ဂါဘွန်၏ အတိုက်အခံအုပ်စုကမူ အာဏာသိမ်းစစ်တပ်အနေဖြင့် အရပ်သားအစိုးရအဖွဲ့တစ်ဖွဲ့အား ပြန်လည်အာဏာလွှဲပေးမည့် လက္ခဏာမရှိဟုပြောခဲ့သည်။ ဖြုတ်ချခံလိုက်ရသော သမ္မတ အလီဘွန်ဂိုကိုလည်း နေအိမ်အကျယ်ချုပ်ဖြင့် ဖမ်းဆီးထားခဲ့သည်။
စက်တင်ဘာ ၁ ရက်က ရုပ်မြင်သံကြားမှ မိန့်ခွန်းပြောကြားခဲ့ရာ၌ ဗိုလ်ချုပ်ကြီးနျူးမားက ၎င်းတို့အနေဖြင့် ဘွန်ဂို မိသားစု၏ ၅၅ နှစ်ကြာ နိုင်ငံ့အာဏာကိုရယူထားမှုအား အဆုံးသတ်နိုင်ရန်အတွက် အာဏာ သိမ်းခဲ့ရခြင်းသာဖြစ်ကြောင်း၊ အတိုက်အခံများက မဲလိမ်ညာမှုဟုပြောဆိုနေကြသည့် ကျင်းပခဲ့သော ရွေးကောက်ပွဲရလဒ်များကိုဖျက်သိမ်းလိုက်ကြောင်း၊ ဒီမိုကရေစီရွေးကောက်ပွဲများကို အာဏာသိမ်းစစ်တပ်က မလွဲမသွေအမြန်ဆုံးကျင်းပပေးမည်ဖြစ်ကြောင်း၊ သို့သော် ပြီးခဲ့သည့်အမှားမျိုးများ ထပ်မဖြစ်ရ လေအောင် သေချာစွာ ပြုလုပ်သွားမည်ဖြစ်ကြောင်း ပြောခဲ့သည်။
ဂါဘွန်နိုင်ငံတွင် အာဏာသိမ်းမှုက ၂၀၂၀ ပြည့်နှစ်မှစ၍ အနောက်နှင့်အလယ်အာဖရိကဒေသတွင် နိုင်ဂျား၊ မာလီ၊ ဂီနီယာ၊ ဘာကီနာဖာဆိုနှင့် ချတ်ဒ်နိုင်ငံတို့တွင် အာဏာသိမ်းမှုများဖြစ်ပွားခဲ့ပြီးနောက် ရှစ်ခုမြောက်အာဏာသိမ်းခြင်းလည်းဖြစ်သည်။
ဂါဘွန်နိုင်ငံတွင် အလီဘွန်ဂိုမိသားစုအား ဖြုတ်ချအာဏာသိမ်းခဲ့ခြင်းကို ကုလသမဂ္ဂ၊ အာဖရိကသမဂ္ဂနှင့် ပြင်သစ်တို့က ရှုတ်ချနေကြသော်လည်း ၎င်းအားဖယ်ရှားခဲ့မှုအတွက် ပြည်သူအများအပြားက ဝမ်းမြောက်ကျေနပ်လျက်ရှိကြသည်။
Ref-BBC