၃. ၉. ၂၀၂၃
Written by Ko Kyaw (Minbu)
မကွေးတိုင်းဒေသကြီး၊ ဆင်ဖြူကျွန်းမြို့နယ်ရှိ ကျေးရွာပေါင်း ၁၁၁ ရွာတို့အား ယခုဘဏ္ဍာနှစ်အထိ လျှပ်စစ်မီတာအလုံးပေါင်း ၁၀၀၀၀ ကျော်တပ်ဆင်ပေးထားကာ တစ်မြို့နယ်လုံးလျှပ်စစ်မီးရရှိမှုအရ ၆၇ ရာခိုင်နှုန်းအထိ လျှပ်စစ်မီးရရှိနေကြောင်းကို မင်းဘူးခရိုင်၊ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း၊ ခရိုင်လျှပ်စစ်အင်ဂျင်နီယာမှူးဦးကျော်ကျော်အောင်ထံက သိရသည်။
“ဆင်ဖြူကျွန်းမြို့နဲ့ ကျေးရွာများမှ ဒေသခံပြည်သူများ လျှပ်စစ်ဓာတ်အားရရှိပြီး လူမှု/စီးပွားဘဝ တိုးတက်စေရေးအတွက် လျှပ်စစ်ဓာတ်အားလိုင်းများတိုးချဲ့ တပ်ဆင်ဆောင်ရွက်ပေးသလို၊ လျှပ်စစ်မီးမရရှိသေးတဲ့ကျေးရွာတွေ
ကိုလည်း လျှပ်စစ်ဓာတ်အားရရှိအောင် တိုင်းဒေသကြီးရန်ပုံငွေ/ပြည်ထောင်စုရန်ပုံငွေတွေနဲ့ ဆောင်ရွက်ပေးခဲ့တာ ဇွန်လ ၃၀ အထိ ဆင်ဖြူကျွန်းမြို့ပေါ်ကရပ်ကွက်နဲ့ ကျေးရွာပေါင်း ၁၁၁ ရွာက ပြည်သူတွေကို လျှပ်စစ်မီတာအလုံးပေါင်း ၁၀၂၄၅ လုံး တပ်ဆင်သုံးစွဲနေပါတယ်”ဟု ခရိုင်အင်ဂျင်နီယာမှုးဦးကျော်ကျော်အောင်က ပြောသည်။
ဆင်ဖြူကျွန်းမြို့အတွင်းကျေးရွာပေါင်း ၁၆၅ ရွာရှိပြီး၊ လျှပ်စစ်ဓာတ်အားရရှိပြီးသည့် ကျေးရွာပေါင်း ၁၁၁ ရွာရှိကာ လျှပ်စစ်ဓာတ်အားမရရှိသေးသော ကျေးရွာပေါင်း ၅၄.ရွာရှိသဖြင့် တစ်မြို့လုံးလျှပ်စစ်ဓာတ်အားရရှိမှု ၆၇ ရာခိုင်နှုန်းအထိရှိကြောင်းကိုလည်း ၎င်းကဆက်လက်ပြောပြသည်။