၃.၉.၂၀၂၃
Written by Peya
ပုဂံတွင် မိုးသည်းထန်စွာ ရွာသွန်းသည့်အတွက် ရွှေစည်းခုံဘုရားကြီးနှင့် အာနန္ဒာဘုရားကြီး ရင်ပြင်တော်တို့တွင် ရေဝပ်ခြင်းများ ဖြစ်ပေါ်ခဲ့ကြောင်း ဒေသခံများထံ မေးမြန်းထားသည့် အချက်အလက်များအရ သတင်းရရှိသည်။
မိုးရွာသွန်းမှု များသည့်အတွက် ထိုသို့ ရေဝပ်ခဲ့သည့်နေရာတို့ကို ရေစုပ်စက်များတပ်ဆင်ကာ မိုးရေများကို စုပ်ထုတ်ခဲ့ရကြောင်းလည်း သိရသည်။
“မိုးက တော်တော်ကောင်းတာ။ မနက် ၄ နာရီလောက်က ဖြစ်မယ်။ စ ရွာတာကနေ မနက် ၇ နာရီလောက်အထိ အရမ်းရွာခဲ့တာပါ။ ဒါကြောင့် ဘုရားရင်ပြင်မှာ ရေဝပ်တာတွေ ဖြစ်တာ” ဟု ဒေသခံ တစ်ဦးက MT News သတင်းဌာနသို့ ပြောသည်။
ယခု တစ်ကြိမ်တွင် မေလက ရေလျှံမှုဖြစ်ခဲ့သော စူဠာမဏိဘုရားတွင် ရေဝင်ခဲ့ခြင်းမရှိဘဲ အာနန္ဒာဘုရား ပရဝဏ်အတွင်း ဘုရားရင်ပြင်တွင် ရေအနည်းငယ်ဝပ်၍ အနိမ့်ဆုံးနေရာ၌ ၇ လက်မခန့်နှင့် အမြင့်ဆုံးနေရာတွင် ၂ လက်မခန့်ရှိပြီး အဆိုပါရေများအား ရေစုပ်စက်များအသုံးပြုကာ ရေစုပ်စက်သုံးလုံးဖြင့် ရေစုပ်ထုတ်ခဲ့ကြောင်း၊ ရွှေစည်းခုံဘုရားရင်ပြင် မိုးရေဝပ်နေသည့် နေရာတွင်လည်း မြေအနိမ့်ဆုံးနေရာ ၁၀ လက်မခန့်နှင့် အမြင့်ဆုံးနေရာ ၃ လက်မခန့်ရှိပြီး ရေစုပ်စက်လေးလုံးဖြင့် မိုးရေများ စုပ်ထုတ်ခဲ့ကြောင်း သိရသည်။