October 18, 2024

၄. ၉. ၂၀၂၃

Written by Nay Moe

ကရင်ပြည်နယ်၊ မြ၀တီခရိုင်ရဲစခန်းကို Federal Wings PDF အဖွဲ့က ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုတွင် လုံခြုံရေး တာဝန်ရှိသူ ငါးဦးသေဆုံးကာ ၁၁ ဦးဒဏ်ရာရခဲ့သည်ဟု ကနဦးသတင်းများအရ သိရသည်။

ဖြစ်စဥ်မှာ စက်တင်ဘာ ၃ ရက် ညနေ ၆ နာရီ ၂၀ မိနစ်ခန့်အချိန်တွင် မြ၀တီခရိုင်ရဲစခန်းကို Federal Wings ဒရုန်းတပ်ဖွဲ့က ဒရုန်းဖြင့် ဗုံးကျဲချခဲ့ရာ ၆၀ မမ ဗုံး ၂ လုံးကျရောက်ပေါက်ကွဲခဲ့သည်။ အဆိုပါ ဗုံးကျရောက်မှုကို တပ်နှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ပူးပေါင်းအဖွဲ့က လာရောက်စစ်ဆေးနေစဉ် ည ၇ နာရီခွဲခန့်တွင် ဒရုန်းဖြင့် ဗုံး ၂ လုံး ထပ်မံ ကျဲချခဲ့သည်။

လူမှုကွန်ရက်တွင် ပျံ့နှံ့နေသော ကြေးနန်းများအရ Federal Wings ၏ အဆိုပါတိုက်ခိုက်မှုတွင် မြ၀တီခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးတင့်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးထွန်းထွန်းညိမ်းနှင့် ထွေ/အုပ်အကြီးတန်းစာရေး ဦးပြည့်ဖြိုးအောင်တို့ ဒရုန်းဗုံးထိမှန်၍ နေရာတွင်ပင် သေဆုံခဲ့သလို ရှေ့တန်းမှူး ဒုတိယဗိုလ်မှူးကြီး အောင်ကျော်မင်းနှင့် ယာဉ်ထိန်းရဲအုပ် နေလင်းစိုးတို့ ပြင်းထန်ဒဏ်ရာဖြင့် မြ၀တီခရိုင်ဆေးရုံကြီးတွင် သေဆုံးခဲ့ကြောင်း သိရှိရသည်။

“မနေ့ညက အဲဒီဖြစ်စဥ်ဖြစ်သွားတာ။ ပေါက်ကွဲသံတွေကတော့ တော်တော့်ကို ကျယ်ပါတယ်။ အခုတော့ မြဝတီမြို့မှာ လုံ​ခြုံရေးတင်းကျပ်ထားတယ်” ဟု ဒေသခံတစ်ဦးက ဆိုသည်။

ဒဏ်ရာရရှိသူများအနက် မြ၀တီခရိုင်မှူး ဒုရဲမှူးကြီး အောက်ထက်ဝင်း၊ ဒုရဲမှူး မျိုးဝင်း၊ ရဲဒုတပ်ကြပ် မျိုးမင်းသော်၊ ဒုရဲမှူး ထွန်းထွန်းနိုင်၊ ဒုရဲအုပ်သက်ခိုင်တို့မှာ ဒဏ်ရာပြင်းထန်သဖြင့် ဆေးကုသမှု ခံယူနေကြောင်း သိရှိရပြီး ကျန် လုံခြုံရေးတာဝန်ရှိသူ ၆ ဦးမှာ မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အဆိုပါဖြစ်စဥ်အပေါ် MT News သတင်းဌာနက ဆက်လက်စုံစမ်းနေပြီး ထပ်မံသိရှိရသည်များကို ဖော်ပြပေးမည်ဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *