October 18, 2024

စစ်တွေနယ်စပ်ကုန်သွယ်ရေးစခန်းကို တွေ့ရစဉ် (ဓာတ်ပုံ-စီးပွားကူးသန်းဝန်ကြီးဌာန)

၄. ၉. ၂၀၂၃
Written by Ye Kyaw

မောင်တောနယ်စပ်မှတစ်ဆင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ တင်ပို့နေသည့် ဆန်/ဆန်ကွဲ၊ မြေပဲ၊ နှမ်း အပါအဝင် လယ်ယာထွက်ကုန်အချို့နှင့် ရေချို/ရေငန်ငါးများကို ယနေ့မှစ၍ စစ်တွေကုန်သွယ်ရေးစခန်းမှသာ တင်ပို့ရန် ကန့်သတ်လိုက်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

“အရင်မောင်တောကပို့နေတဲ့ ဆန်/ဆန်ကွဲရယ်၊ ပဲမျိုးစုံရယ်၊ ဆီထွက်သီးနှံတွေဖြစ်တဲ့ နှမ်း၊ မြေပဲ၊ မြေပဲဆံပေါ့။ ပြီးတော့ ကြက်သွန်နီပေါ့။ ပြီးတော့ ရေထွက်ပစ္စည်း ရေချိုငါးနဲ့ ရေငန်ငါးပေါ့။ ဒါတွေက အရင်မောင်းတောက သွားနေတဲ့ဟာတွေကို စစ်တွေကနေပဲပို့ရမယ်ဆိုပြီး ပြောပါတယ်” ဟု ရခိုင်ပြည်နယ် ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း (RSCCI) အတွင်းရေးမှူး ဦးအောင်အောင်က ပြောသည်။

ကုန်သွယ်မှုလုပ်ငန်းများ စနစ်တကျ ဆောင်ရွက်နိုင်စေရန်နှင့် တစ်ဖက်နိုင်ငံနှင့် ကုန်သွယ်မှု ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ကုန်သွယ်မှုတွင် ဆန်၊ ဆန်ကွဲ၊ ပဲမျိုးစုံ၊ နှမ်း၊ မြေပဲ၊ မြေပဲဆံ၊ ကြက်သွန်နီ စသည့်လယ်ယာထွက်ကုန်များနှင့် ရေချို၊ ရေငန်ငါးမျိုးစုံ ရေထွက်ပစ္စည်းများကို စက်တင်ဘာ ၄ ရက်မှစတင်၍ စစ်တွေကုန်သွယ်ရေးစခန်းမှသာ တင်ပို့ရန် ပို့ကုန်၊ သွင်းကုန်နှင့် ပတ်သက်သည့် သတင်းလွှာ (၁၅/၂၀၂၃) ဖြင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာမှ ကြေညာထားသည်။

“အဓိကတော့ လွယ်ကူမြန်ဆန်ဖို့ကို ဦးစားပေးတယ်ထင်ပါတယ်။ စရိတ်သက်သာလာမယ်။ လွယ်ကူမြန်ဆန်လာမယ်။ အဓိက ဒါတွေက မြန်မာနိုင်ငံရဲ့ အရေးကြီးတဲ့ကုန်ပစ္စည်းတွေအနေနဲ့ ကန့်သတ်လိုက်တာလည်းဖြစ်တာပေါ့။ ဒါတွေက ကိုယ့်နိုင်ငံရဲ့ အရေးကြီးကုန်စည်တွေ လေလွင့်မှု၊ ဆုံးရှုံးမှုမရှိရအောင် တရားဝင်လမ်းကြောင်းထဲက မှန်မှန်ကန်ကန်သွားလာနိုင်အောင် စီစဉ်ဆောင်ရွက်တယ်လို့ ကျွန်တော့်အနေနဲ့ သုံးသပ်မိပါတယ်” ဟု RSCCI အတွင်းရေးမှူးဦးအောင်အောင်က ပြောသည်။

လက်ရှိ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ငါးလခန့်တွင် မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ကုန်သွယ်မှုပမာဏ ဒေါ်လာ ခုနစ်သန်းနီးပါးသာရှိပြီး ယခင်နှစ်ကာလတူထက် ကုန်သွယ်မှုဒေါ်လာ ၆ ဒသမ ၆ သန်းကျော်လျော့ကျခဲ့ကာ မြန်မာဘက်မှပို့ကုန်တင်ပို့မှု ဒေါ်လာ ၇ ဒသမ ၅ သန်းကျော်လျော့ကျခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် စာရင်းများအရ သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *