October 18, 2024

ရာထူးမှထုတ်ပယ်ခံရသည့် ယူကရိန်း ကာကွယ်ရေးဝန်ကြီး အိုလက်ဆီး ရက်ဇ်နီကော့ဗ် အားတွေ့ရစဉ်

၄. ၉. ၂၀၂၃
Translated by Htwe Ko Tun

ယူကရိန်းသမ္မတ ဇယ်လန်စကီးက ၁၉ လခန့်ကြာမြင့်လာပြီဖြစ်သော ရုရှားနိုင်ငံနှင့် စစ်ပွဲတွင် ကိုင်တွယ်ဖြေရှင်းမှုနည်းလမ်းအသစ်များ လိုအပ်မှုကြောင့်ဟုဆိုကာ ၎င်း၏အစိုးရအဖွဲ့ ကာကွယ်ရေးဝန်ကြီး အိုလက်ဆီး ရက်ဇ်နီကော့ဗ် အား စက်တင်ဘာ ၃ ရက်တွင် တာဝန်မှရပ်စဲခဲ့ကြောင်း သိရသည်။

သမ္မတ ဇယ်လန်စကီးက ရက်ဇ်နီကော့ဗ်၏နေရာတွင် ကာကွယ်ရေးဝန်ကြီးအဖြစ် ပါလီမန်ကိုယ်စားလှယ်ဟောင်း ရတ်စတမ် ယူမီရော့ဗ်ကို ကာကွယ်ရေးဝန်ကြီးအဖြစ် အဆိုပြုခဲ့ကြောင်းလည်း သိရသည်။ ဇယ်လန်စကီးက “မစ္စတာ ယူမီရော့ဗ်ကို အထူးအထွေမိတ်ဆက်နေစရာလည်း မလိုပါဘူး။ ပါလီမန်အနေနဲ့ သူ့ကိုအတည်ပြုဆုံးဖြတ်ပေးမယ်လို့ ကျွန်တော်မျှော်လင့်ပါတယ်” ဟုပြောခဲ့သည်။

ရက်ဇ်နီကော့ဗ်က ကာကွယ်ရေးဝန်ကြီးအဖြစ် ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလတွင် စတင်တာဝန်ယူခဲ့ခြင်းဖြစ်ပြီး ယူကရိန်းကာကွယ်ရေးဝန်ကြီးဌာနတွင် အဂတိလိုက်စားမှု အရှုပ်အထွေးအချို့ပတ်သက်နေမှုအား စုံစမ်းတွေ့ရှိခဲ့ပြီးနောက် ဖယ်ရှားခံခဲ့ရခြင်းလည်းဖြစ်သည်။

၂၀၂၃ ခုနှစ်ဆန်းတွင် သမ္မတ ဇယ်လန်စကီးက အဆင့်မြင့်အရာရှိကြီးအချို့အား စစ်ပွဲကာလ ထောက်ပံ့ရေးပစ္စည်းများဝယ်ယူမှုနှင့် ဆက်စပ်နေသော အရှုပ်အထွေးတစ်ရပ်ကြောင့် ရာထူးမှရပ်ဆိုင်းခဲ့သည်။ အကျင့်ပျက်ခြစားမှုစွဲချက်အချို့နှင့် ရင်ဆိုင်ရပြီးနောက် ဒုတိယကာကွယ်ရေးဝန်ကြီးမှာလည်း ရာထူးမှ နုတ်ထွက်ခဲ့သည်။ တဖန် ဩဂုတ်လအတွင်းတွင်လည်း ဇယ်လန်စကီးက တပ်သားသစ်စုဆောင်းရေး စခန်းများမှ တာဝန်ရှိသူ အားလုံးကို ထုတ်ပယ်ခဲ့သေးသည်။

ယူကရိန်းအနေဖြင့် ကြာမြင့်စွာစောင့်ဆိုင်းနေရသော နေတိုးစစ်အုပ်စုနှင့် ဥရောပသမဂ္ဂတို့သို့ အဖွဲ့ဝင်အဖြစ် ဝင်ရောက်ခွင့်ရရန် ယူကရိန်းအစိုးရအဖွဲ့အတွင်း အကျင့်ပျက်ခြစားမှုကိုအမြစ်ပြတ်စေရမည်ဟု ဇယ်လန်စကီး က ပြောခဲ့သေးသည်။

Ref—-CNN

Leave a Reply

Your email address will not be published. Required fields are marked *