၄. ၉. ၂၀၂၃
Written by Hey Mar
နေပြည်တော် ဇေယျာသီရိမြို့နယ် ရွှေတွင်းကုန်းကျေးရွာနဲ့ သာစည်ကျေးရွာကြားမှာ ယာဥ်တိုက်ပြီး ထွက်ပြေးသွားတဲ့ဖြစ်စဥ် ဒီနေ့ စက်တင်ဘာ ၄ ရက် မနက်အစောပိုင်းက ဖြစ်ပွားခဲ့တယ်လို့ ဒေသခံပရဟိတအသင်းထံကနေ သိရပါတယ်။
ယာဥ်အတိုက်ခံရပြီး သေဆုံးသူဟာ အသက် ၆၀အရွယ် ဝန်းကျင် အမျိုးသမီးတစ်ဦးဖြစ်ပြီး ခန့်မှန်းခြေ နံနက် အစောပိုင်း ၂ နာရီ နဲ့ ၄ နာရီကြားမှာ တိုက်ခဲ့တာဖြစ်နိုင်တယ်လို့ ကရုဏာရှင်လူမှုကူညီရေးပရဟိတအသင်း တာဝန်ရှိသူက မြေပြင်ကူညီမှုတွေ ဆောက်ရွက်ရာမှာ ကြုံတွေ့ရတဲ့ အခြေအနေကို MT News ကို ပြောပါတယ်။
“သေသွားတဲ့ အမျိုးသမီးကြီးရဲ့ မိသားစုနဲ့ အဆက်အသွယ်ရပါတယ်။ သူက စိတ်ကျန်းမာရေးလည်း မကောင်းတော့ ဒီလိုပဲ လျှောက်သွားနေကြလို့ သူ့မိသားစုက ပြောတယ်။ မျက်နှာ ပျက်စီးသွားတယ်။ ခြေလက်လည်းကျိုးတာပေါ့။ နေရာတင် ဆုံးတာပါ” လို့ အဆိုပါ ပရဟိတအသင်း တာဝန်ရှိသူက ပြောပါတယ်။
တိုက်တဲ့ကားဟာ ထွက်ပြေးတိမ်းရှောင်သွားတယ်လို့ သိရပြီး ကွယ်လွန်သူအမျိုးသမီးကို ကရုဏာရှင်လူမှုကူညီရေးပရဟိတအသင်း သူနာတင်ယာဥ်နဲ့ နေပြည်တော် ပြည်သူ့ဆေးရုံကြီး ကုတင် (၁၀၀၀)ရင်ခွဲရုံကို ပို့ဆောင်ကူညီပေးခဲ့တယ်လို့ သိရပါတယ်။