၄. ၉. ၂၀၂၃
Written by Nyein Kyaw
Electric Vehicle (လျှပ်စစ်ကား) သုံး လီသီယမ်ဘတ္ထရီဆိုင်ရာ ဒြပ်ပေါင်းများစမ်းသပ်ထုတ်လုပ်ခြင်း၊ စွန့်ပစ်ဘတ္ထရီများ စီမံခန့်ခွဲမှု ပြုလုပ်ခြင်းနှင့် လျှပ်စစ်စွန့်ပစ်ပစ္စည်းများမှ အဖိုးတန်အသုံးဝင်သောသတ္တုများ စမ်းသပ်ထုတ်လုပ်ခြင်း သုတေသနတို့ကို ထိရောက်စွာမြှင့်တင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိပ္ပံနှင့်နည်းပညာဝန်းကြီးဌာန၊ ဒုတိယဝန်ကြီးဒေါက်တာအောင်ဇေယျက ဩဂုတ်လ ဒြပ်ပစ္စည်းသိပ္ပံ သုတေသနဌာန (အေလာ)၌ တာဝန်ရှိသူများနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။
သယံဇာတရင်းမြစ်များမှ အဖိုးတန်သတ္တုများ ထုတ်လုပ်ရေးလုပ်ငန်းများဖွံ့ဖြိုးရေးအတွက် သတ္တုဗေဒနှင့် ဒြပ်ပစ္စည်းသိပ္ပံ သုတေသနလုပ်ငန်းများသည် အခရာကျသဖြင့် ခေတ်မီနည်းပညာများ အသုံးချနိုင်ရေးနှင့် အရည်အသွေးပြည့်မီသော မျိုးဆက်သစ်သုတေသီများ စဉ်ဆက်မပြတ် မွေးထုတ်သွားရန် ဒုတိယဝန်ကြီးက ပြောကြားသည်။
ဓာတုသုတေသနဌာနစုရှိ လီသီယမ်ဒြပ်ပေါင်းသုတေသနလုပ်ငန်းများ၊ ဓာတ်ခွဲခန်းဌာနစုရှိ ဝန်ဆောင်မှုလုပ်ငန်းများ၊ ဇလသတ္တုဗေဒနှင့် အဂ္ဂိသတ္တုဗေဒဌာနစုတို့ရှိ မြေရှားဒြပ်စင် သုတေသနလုပ်ငန်းများ၊ တွင်းထွက်ဗေဒနှင့် သတ္တုရိုင်းသန့်စင်ဌာနစုတို့ရှိ သတ္တုအရည်အသွေးမြှင့်တင်ခြင်း သုတေသနလုပ်ငန်းများ ဆောင်ရွက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးကာ နိုင်ငံ့စီးပွားမြှင့်တင်ရေး သုတေသနလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်ရန် ဒုတိယဝန်ကြီးဒေါက်တာအောင်ဇေယျက ပြောကြားခဲ့သည်။
လျှပ်စစ်ကားဘတ္ထရီအတွက် အဓိကကုန်ကြမ်း လီသီယမ်ထွက်ရှိသည့် မြန်မာနိုင်ငံတွင် တန်ဖိုးမြှင့် လျှပ်စစ်ကားဘတ္ထရီများထုတ်လုပ်ရန် အာဆီယံနိုင်ငံများက လာရောက်ရင်းနှီးမြှုပ်နှံလိုကြောင်း မေ ၂ ရက်တွင် ကုန်သည်စက်မှုအသင်းချုပ် (UMFCCI)၌ ပြုလုပ်သည့် ASEAN-BAC Roadshow အခမ်းအနားမှ သိရသည်။
“လျှပ်စစ်ကားလိုဟာမျိုးပေါ့။ မြန်မာနိုင်ငံမှာ ဒီလိုဟာမျိုးအတွက်ဆိုရင် အရင်းအမြစ်အနေနဲ့ရှိတာ တတိယကမ္ဘာ့အကြီးဆုံး အရင်းအမြစ်ရှိတဲ့ နိုင်ငံလို့တောင် ကျွန်တော်တို့ ပြောလို့ရပါတယ်။ ဒီလိုအရင်းအမြစ်တွေရှိတဲ့အတွက် တစ်ဖက်ကကြည့်မယ်ဆိုရင် ဆိုလာတွေ၊ လီသီယမ်ဘတ္ထရီတွေကို ပိုပြီးတော့ အများကြီး လုပ်ဆောင်လာနိုင်မယ်။ ဒီဟာကြောင့်မို့ ကျွန်တော်တို့အနေနဲ့ ပိုပြီးတော့ တန်ဖိုးမြှင့် လုပ်ဆောင်တာတွေကို အာဆီယံထဲမှာရော အာဆီယံနိုင်ငံတွေက မြန်မာနိုင်ငံမှာလာပြီး ရင်းနှီးမြှုပ်နှံပြီးတော့ရော လုပ်ဆောင်သွားဖို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်” ဟု ASEAN Business Advisor Council (ASEAN-BAC) ၏ ဥက္ကဋ္ဌ Mr. Arsjad Rasjid က ပြောသည်။