၃. ၉. ၂၀၂၃
Written by Phyo Wei
အမေရိကန်ဒေါ်လာကို လူမှုကွန်ရက်မှာ စျေးတင်ရောင်းချနေတဲ့သူတွေကို ဗဟိုဘဏ်က အသွင်ယူဖမ်းဆီးဖို့ ကြိုးပမ်းလာတဲ့ ဒီရက်သတ္တပတ်မှာ လာအိုနဲ့ မြန်မာနိုင်ငံအကြား ချိတ်ဆက်ထားတဲ့ မဲခေါင်မြစ်ကူးတံတား (လာအို-မြန်မာချစ်ကြည်ရေးတံတား)ကို ဖြတ်သန်းပြီး လာအိုနဲ့ မြန်မာနိုင်ငံကြားကုန်စည်သယ်ယူပို့ဆောင်မှုကို ပထမဆုံးအကြိမ် လုပ်ဆောင်တော့မဲ့ ဖြစ်စဉ်အပြင် စင်ကာပူအခြေစိုက် UOB ဘဏ်က မြန်မာ့ဘဏ်တွေနဲ့ ဆက်သွယ်မှုရပ်ဆိုင်းလိုက်ပြီး သူ့ဘဏ်နဲ့ ချိတ်ဆက်ထားတဲ့ Visa ကတ်၊ Mastercard တွေကိုပါ ပိတ်ပင်တားဆီးသွားမဲ့ ဖြစ်စဉ်ဖြစ်လာခဲ့ပါတယ်။
အမေရိကန်ရဲ့ မွှေနောက်ဖြတ်တောက်မှုမှာ ဂယက်ရိုက်ခတ်မှုအဓိကခံရတာက ဒီ စင်ကာပူ UOB ဘဏ်နဲ့ ချိတ်ဆက်ထားတဲ့ဘဏ်လုပ်ငန်းကို အသုံးပြုနေတဲ့ ပြည်တွင်းက လုပ်ငန်းရှင်တွေသာဖြစ်ပေမဲ့လည်း Visa တို့ Master တို့ဟာ တစ်ဘဏ်မရ တစ်ဘဏ်နဲ့ ချိတ်ဆက်သုံးနိုင်သလို ထိုင်းဘတ်(Baht)ကလည်း စာရင်းပေးချေမှုတွေမှာ သုံးစွဲလာနိုင်ပြီဖြစ်လို့ အထူးတလည်မထိခိုက်ပေမဲ့ သိက္ခာအတွက်တော့ တန်ပြန်တာမျိုး လုပ်ကိုင်သင့်မလား တွေးဆစရာပါ။ ဥပမာအားဖြင့် မြန်မာနိုင်ငံမှာ စင်ကာပူနဲ့ အမေရိကန်အခြေစိုက် လုပ်ငန်းရာချီရှိနေပြီး ဒီလုပ်ငန်းတွေ ပြည်ပက မိခင်ကုမ္ပဏီဆီကို ဒေါ်လာပြန်ပို့နေတာတွေ ကန့်သတ်တာမျိုးလုပ်သင့်မသင့် တန်ပြန်တွက်ဆသင့်တဲ့ ဒီတစ်ပတ်ရဲ့ စီးပွားရေးသုံးသပ်ချက်အဖြစ်တော့ ဆန်စျေးဆီစျေးကျဆင်းရေးလုပ်လာတဲ့ အခြေအနေတွေ၊ မြန်မာပြည်သူတွေဟာ အစားအစာအတွက် ၄၂ ဒေါ်လာပဲသုံးနိုင်တယ်ဆိုတဲ့ အခြေအနေတွေနဲ့ INGO တွေ မွှေနောက်နေတဲ့ မြန်မာနိုင်ငံရဲ့ အခြေအနေတွေအကြောင်းကို တင်ပြချင်ပါတယ်။
“ဆန်စျေးဆီစျေးကျဆင်းရေး”
ပြီးခဲ့တဲ့ ဩဂုတ်လထဲကစပြီး အစိုးရက ဆန်စျေးကျဖို့ လုပ်ခဲ့သလို လကုန်ပိုင်းနဲ့ ဒီစက်တင်ဘာလဆန်းမှာတော့ ဆီစျေးကျဖို့ ဆက်လုပ်လာတာပါ။ ဒီနေရာမှာ အဆမတန်အမြတ်တင်နေတဲ့ ဆီစျေးက နေ့ချင်းညချင်း ကျသွားတယ်ဆိုပေမဲ့လည်း ပုံစံမှန်တဲ့ ကျခြင်းမျိုးမဟုတ်ဘဲ ဝိသမလောဘသားတချို့ ထိန်းသိမ်းစစ်ဆေးနေလို့ မတတ်သာလို့ လျှော့စျေးနဲ့ လူရွေးချ ရောင်းတဲ့ပုံစံနဲ့ ကျတာပါ။ အဲဒါကြောင့် ဆီအသင်းက ဖြန့်စျေးနဲ့ ဝယ်ခွင့်ရတဲ့သူတွေက တစ်ပိသာ ၄၃၀၀ လောက်အထိ ဆင်းရောင်းနေပေမဲ့ စျေးကွက်ထဲက လက်လီဆိုင်အများစုကတော့ ဆီဒိုင်ကြီးတွေဆီက တစ်ပိသာ ၈၀၀၀၊ ၉၀၀၀ နဲ့ ဝယ်ထားတဲ့ဆီကို ရှုံးမှာ၊ အဖမ်းခံရမှာကြောက်ပြီး ထုတ်မရောင်းရဲတဲ့ အခြေအနေဖြစ်လာပါတယ်။ ဒါ့အပြင် ဆီအသင်းဖြန့်စျေးနဲ့ ရောင်းပေးတဲ့ဆိုင်တွေကလည်း တန်းစီနေမှ ၅၀ သားလောက်ပဲ ချရောင်းပေးတော့ အောက်ခြေစျေးကွက်မှာ ဆီပြတ်လပ်မှုဖြစ်လာတော့တာပါပဲ။ တကယ့်တကယ် ဆီစျေးကို ဖြစ်သင့်တဲ့နှုန်းထားမှာ ထိန်းထားနိုင်ဖို့ဆိုတာက ဆီအသင်းကလည်း ရည်ညွှန်းစျေး တစ်ပိသာ ၄၂၀၀ ဆို ထိုက်သင့်တဲ့အမြတ် (၂၀ ရာခိုင်နှုန်းအောက်အမြတ်) ၄၈၀၀ လောက်နဲ့ ချပေးပြီး လက်လီဆိုင်တွေကလည်း စားဆီတစ်ပိသာ ၅၅၀၀ လောက်နဲ့ ရောင်းနိုင်မှ သင့်တင့်တဲ့နှုန်းဖြစ်မှာပါ။
တစ်ဖက်မှာ ဆန်ကတော့ သွင်းအားစုတွေစျေးတက်တာ၊ အိန္ဒိယက ဆန်တင်ပို့မှုရပ်လိုက်တာကြောင့် ကမ္ဘာ့ဆန်တင်ပို့မှုစျေးကွက်မှာ ဆန်စျေးတွေ မြင့်တက်လာပြီး ကမ္ဘာ့နိုင်ငံတွေကလည်း စားနပ်ရိက္ခာဖူလုံရေး (Food Security) ကို အထူးတလည် အာရုံစိုက်နေကြတာကြောင့် ဆန်စျေးက မကျဘူးလို့ အကြောင်းပြပေမဲ့လည်း မြန်မာနိုင်ငံကတော့ ပြည်ပပို့တဲ့ဆန်နဲ့ ပြည်တွင်းစားဆန်က အများအားဖြင့် မတူညီပါဘူး။ လက်ရှိမှာလည်း ပြည်တွင်းစားဆန်တွေဖြစ်တဲ့ ရွှေဘိုပေါ်ဆန်း၊ ဧရာ၀တီပေါ်ဆန်း စတဲ့ ပေါ်ဆန်းတွေ၊ ဧရာမင်း၊ ဧရာပဒေသာ၊ အညာသား၊ ပခန်း အုပ်စုတွေကို မတင်ပို့ဘဲ ဧည့်မထအုပ်စု၊ ကရင်မ၊ ထွန်းပု၊ ငစိန်နဲ့ ပေါင်းဆန်တွေပဲ ပြည်ပတင်ပို့ဖို့ ၁၀၀ ရာခိုင်နှုန်းအသင့်ရှိမှ ပို့ခွင့်ပြုတာပါ။ တစ်နှစ်ဆန်တန်ချိန်သုံးသန်းလောက်ပိုတဲ့ မြန်မာနိုင်ငံဟာ ဆန်စျေးကျဖို့ လုပ်နေတဲ့ကြားက ဆန်စျေးတွေတက်ပြီးရင်းတက်နေတာက အခုဆိုရင် ရွှေဘိုပေါ်ဆန်းထိပ်စဆန်တစ်ပြည်ဟာ မြန်မာလုပ်သားတစ်ယောက်ရဲ့ အနည်းဆုံးလစာ ၁၂ နာရီစာသုံးမှရမဲ့ တစ်ပြည် ကျပ် ၇၂၀၀ လောက်ဖြစ်လာနေတာပါ။ မြန်မာလူမျိုးတွေဟာ ဆန်နဲ့ဆီသာရှိပါလေ့စေ။ ငပိဖုတ်နဲ့လည်း ထမင်းတစ်နပ်ဖြစ်အောင် စားတတ်တဲ့သူတွေမို့လို့ ကျအောင်လုပ်နေတဲ့ ဆန်၊ ဆီစျေးတော့ ဖမ်းတုန်းခဏ ကျတယ်ဆိုတာထက် အမှန်တကယ်ကျဖို့ ကြိုးပမ်းသင့်တဲ့ အခြေအနေပါ။
“အစားအစာအတွက် ၄၂ ဒေါ်လာပဲသုံးနိုင်တဲ့ ပြည်သူ”
မြန်မာနိုင်ငံရဲ့ အနည်းဆုံးအခကြေးငွေ ၄၈၀၀ အဖြစ် သတ်မှတ်တဲ့အချိန်တုန်းက ဆန်တစ်ပြည်ကို ပေါ်ဆန်းမှ ၃၀၀၀ လောက်ပဲရှိပြီး တစ်ဒေါ်လာ ပြင်ပပေါက်စျေးက ၁၅၀၀ လောက်ပဲရှိတာပါ။ အခုတော့ သာမန်ပေါ်ဆန်းတစ်ပြည်ဟာ ၆၀၀၀ နီးပါးဖြစ်လာခဲ့ပြီဖြစ်သလို ဆန်ကွဲတောင်မှ တစ်ပြည် ၃၂၀၀ ပါ။ ဒီလိုမျိုး ကုန်စျေးနှုန်းမြင့်တက်မှုဟာ လစာ ၃ သိန်းနီးပါးရတဲ့ ပြန်တမ်းဝင်အရာရှိတစ်ယောက်တည်းအတွက်တောင် အင်မတန် ကျပ်ကျပ်တည်းတည်း တွက်ချက်စားသောက်နေရတဲ့အဆင့်မျိုးပါ။ ဒီလိုအခြေအနေမှာ မြန်မာလူမျိုးတွေဟာ အစားအစာ၊ အသီးအနှံနဲ့ အချိုရည်အတွက် တစ်လ ၄၂ ဒေါ်လာပဲ ပျမ်းမျှသုံးနိုင်တယ်လို့ Picodi က ပြောလာတာပါ။
နိုင်ငံတကာ သုတေသီအဖွဲ့စည်းတစ်ခုဖြစ်တဲ့ Picodi ဟာ ကမ္ဘာ့နိုင်ငံပေါင်း ၁၀၅ နိုင်ငံက အိမ်ထောင်စုတွေနဲ့ ပတ်သက်ပြီး အစားအစာနဲ့ အချိုရည် ဝယ်ယူသုံးစွဲနိုင်မှုအခြေအနေတွေကို စစ်တမ်းထုတ်ပြန်ခဲ့တာမှာ မြန်မာနိုင်ငံက အာရှပစိဖိတ်ဒေသတွင်း နိုင်ငံတွေထဲ သစ်သီးဝလံ၊ အစားအစာနဲ့ အချိုရည်ဝယ်ယူစားသုံးနိုင်မှု အနည်းဆုံး ဖြစ်နေတယ်လို့ ပြောခဲ့တာပါ။
အာရှပစိဖိတ်ဒေသမှာ သစ်သီးဝလံ၊ အစားအစာနဲ့ အချိုရည်ဝယ်ယူစားသုံးနိုင်မှုအမြင့်ဆုံးနိုင်ငံတွေက ဟောင်ကောင်၊ ထိုင်ဝမ်၊ ဂျပန်နိုင်ငံတွေဖြစ်ပြီး အဲဒီနိုင်ငံတွေက အိမ်ထောင်စုတွေဟာ ဒေါ်လာ ၃၀၀ ပတ်လည်သုံးစွဲတာပါ။ မြန်မာတွေက သစ်သီးဝလံ၊ အစားအစာနဲ့ အချိုရည်ဝယ်ယူစားသုံးနိုင်မှုမှာ အိမ်ထောင်စုတစ်စု ၄၂ ဒေါ်လာဆိုတဲ့ ပမာဏကို ဒေါ်လာ ပြင်ပပေါက်စျေးနဲ့ တွက်မယ်ဆိုရင် အနည်းဆုံးလုပ်အားခဖြစ်တဲ့ ၁၄၄၀၀၀ ထက် ၁၆၀၀၀ လောက်များနေတယ်ဆိုတာကို တွေးဆရမှာဖြစ်သလို အခြားတစ်ဖက်မှာတော့ ဝင်ငွေနဲ့ထွက်ငွေမမျှတတဲ့ မြန်မာပြည်သူတွေဟာ အာဟာရချို့ငဲ့သူ အရေအတွက် မြင့်တက်လာတာ၊ လူကောင်သေးသထက်သေးလာတာ၊ ရောဂါဘယထူပြောလာတာ၊ ကမ္ဘာပေါ်မှာ အသက်အတိုဆုံးနိုင်ငံတွေထဲ ပါလာတာတွေနဲ့ ချိန်ဆမြင်နိုင်မှာပါ။ မြန်မာလူမျိုးတွေ သက်ရှည်ကျန်းမာဖို့ ဘေးကင်းတဲ့ အစားအစာတွေ အာဟာရပြည့်ပြည့်၀၀စားနိုင်ဖို့ လိုအပ်ပါတယ်။ အဲဒီလိုစားနိုင်ဖို့အတွက် ဝင်ငွေမြင့်တက်ဖို့ လိုအပ်သလို ကုန်စျေးနှုန်းတွေကလည်း ဖြစ်သင့်တဲ့နှုန်းမှာ တည်ငြိမ်ဖို့လိုအပ်ပါတယ်။
“INGO မွှေနောက်ခံ မြန်မာ”
ပြည်တွင်းမှာရှိတဲ့ အချို့သော INGO နဲ့ NGO အဖွဲ့တွေဟာ သူတို့ကို ကူညီပေးနေတဲ့ အဖွဲ့အစည်း၊ နိုင်ငံတွေက အသုံးချနေတာရှိနေလို့ သက်ဆိုင်ရာဝန်ကြီးဌာနက စနစ်တကျ ကြပ်မတ်ထိန်းသိမ်း ဆောင်ရွက်ဖို့ SAC ဥက္ကဋ္ဌက ပြောလာတာကို တွေ့ရပါတယ်။ ဒီနေရာမှာ နိုင်ငံနဲ့ လူမျိုးရဲ့ အမျိုးသားရေး စရိုက်လက္ခဏာတွေနဲ့ အမျိုးသားစည်းလုံးညီညွတ်မှုကို ထိခိုက်စေမဲ့လုပ်ဆောင်မှုတွေ၊ ရေးသားထုတ်ဝေမှုတွေ၊ ထုတ်လွှင့်မှုတွေ မရှိစေဖို့အတွက်ကိုလည်း စာပေ၊ ဂီတ၊ ရုပ်ရှင်နဲ့ လူမှုကွန်ရက် စတဲ့နယ်ပယ်အလိုက် သက်ဆိုင်ရာဝန်ကြီးဌာနတွေက စနစ်တကျ ကြပ်မတ်ဆောင်ရွက်ဖို့လိုတယ်ဆိုတာကို အထူးပြုပြောခဲ့တာ တွေ့ရပါတယ်။
ဒီနေရာမှာ ပြည်သူကို တိုက်ရိုက်ပံ့ပိုးတာမဟုတ်ဘဲ ငွေသုံးတဲ့ INGO တွေ NGO တွေရဲ့ အလုပ်လုပ်ပုံဟာ Proposal တွေနဲ့ သွားကြတဲ့ သဘောသဘာ၀ကို မြင်ရပါတယ်။ ဥပမာ OIC နိုင်ငံတစ်ခုနဲ့ချိတ်ဆက်ထားတဲ့ NGO တစ်ခုဟာ လူ့အခွင့်အရေးအတွက် ဘင်္ဂါလီတွေကို မြန်မာတွေက ဖိနှိပ်ထားတယ်ဆိုတဲ့ အမြင်မျိုး ကမ္ဘာကမြင်ဖို့အတွက်ဆိုရင် မီဒီယာဆယ်နဲ့ချီကို ဒေါ်လာသန်းချီသုံးပြီး ဘင်္ဂါီလီတွေ ဖိနှိပ်ခံနေရတယ်ဆိုတာတွေပဲ အဓိကထုတ်လုပ်စေပါတယ်။ ဒီလိုမျိုး OIC နိုင်ငံနဲ့ ချိတ်ဆက်ထားတဲ့ INGO က မီဒီယာတစ်ခုကို ဒေါ်လာသိန်းသန်းချီပေးပြီး ဘင်္ဂါီလီတွေ ဖိနှိပ်ခံရတာကို ရေးခိုင်းတယ်ဆို အဲဒီလိုမီဒီယာဟာ ဘင်္ဂါီလီတွေနဲ့ ပတ်သက်တဲ့ မကောင်းသတင်းတွေဘဲ ကမ္ဘာကသိအောင် ထုတ်လုပ်ပါတယ်။ အဲဒီလိုမျိုး ထုတ်လုပ်မှုတွေကြောင့် NLD အစိုးရဟောင်းလက်ထက်မှာ မြန်မာ့ပုံရိပ်ကျဆင်းခဲ့တာပါ။
အလားတူပါပဲ။ မြန်မာပြည်မှာ အစိုးရတစ်ရပ်ကို လူထုမကျေနပ်လို့ တိုက်ခိုက်ဆန္ဒပြနေပြီဆိုရင်လည်း အဲဒီအတွက် နိုင်ငံကြီးတွေက ကမ္ဘာကို ပြန့်စေမဲ့ သတင်းမီဒီယာတွေကို ဒေါ်လာသိန်းသောင်းချီပေးပြီး နိုင်ငံတွင်းက စားဝတ်နေရေးမပြေလည်မှုတွေ၊ တရားဥပဒေမစိုးမိုးမှုတွေ၊ နေရာအနှံ့ဗုံးကွဲသတ်ဖြတ် မလုံခြုံမှုတွေဘဲ ငွေပေးပြီးထုတ်လုပ်ခိုင်းတော့ ကမ္ဘာ့အလယ်က မြန်မာနိုင်ငံဟာ ဘေးရန်အများဆုံးနိုင်ငံ၊ လုံခြုံမှုမရှိဆုံးနိုင်ငံအဖြစ် မြင်လာပြီး ခရီးသွားဝင်ရောက်မှုတွေ၊ ရင်းနှီးမြှုပ်နှံမှုဝင်ရောက်တာတွေ ကျဆင်းကုန်တော့တာပါပဲ။ ရင်းနှီးမြှုပ်နှံမှုတွေကျဆင်း၊ ကမ္ဘာလှည့်ခရီးသွားတွေ မဝင်ရောက်တဲ့ အကျိုးဆက်ကိုတော့ မြန်မာပြည်သူတွေပဲ လည်စင်းခံခဲ့ရတယ်ဆိုတာ အငြင်းပွားစရာရှိမယ်မထင်ပါဘူး။
ဒီလိုမျိုး နိုင်ငံကြီးတွေရဲ့ Hidden of Agenda တွေနဲ့ ဝါဒဖြန့်ချိမှုတွေလုပ်နေတဲ့ INGO မျိုးတွေဟာ မြန်မာနိုင်ငံမှာ အများကြီးရှိနေတာမို့လို့ အစိုးရအနေနဲ့ အဲဒီလိုမျိုး INGO တွေနဲ့ ပြည်သူလူထု လူမှုဘ၀ဖွံ့ဖြိုးတိုးတက်ရေးလုပ်ပေးတဲ့ သာမန် INGO ကို ခွဲထုတ်စိစစ်နိုင်ဖို့ လိုအပ်မှာပါ။ မိုဒီဟာ အိန္ဒိယဝန်ကြီးချုပ်ဖြစ်လာချိန်မှာ လူဦးရေများတဲ့ သူ့နိုင်ငံက ပြည်သူတွေရဲ့ ဆင်းရဲမွဲတေမှုနဲ့ လူမျိုးရေးပဋိပက္ခကို မီးထိုးပြ၊ ပဋိပက္ခတွေဖန်တီး မျောက်ပြဆန်တောင်းနေတဲ့ INGO တွေကို နှင်ထုတ်ခဲ့ပါတယ်။ မြန်မာပြည်မှာလည်း အဲဒီလို မျောက်ပြဆန်တောင်းတဲ့ နိုင်ငံကြီးတွေရဲ့ Hidden of Agenda တွေနဲ့ INGO တွေ၊ NGO တွေကို မိုဒီလိုမျိုး လုပ်ကြမလားဆိုတာကတော့ တာဝန်ရှိသူတွေရဲ့ စနစ်တကျစိစစ်နိုင်မှုအပေါ်ပဲ မူတည်မှာပါ တင်ပြရင်း ဒီတစ်ပတ်ရဲ့ စီးပွားရေးသုံးသပ်ချက်ကို ရပ်နားလိုက်ပါတယ်။