၁. ၉. ၂၀၂၃
Written by Nay Aung
မြန်မာနိုင်ငံ၏ လူသားချင်းဆိုင်ရာစာနာမှုအကူအညီလိုအပ်မှုသည် ယခုနှစ် ပထမနှစ်ဝက်အတွင်း သိသိသိသာ ဆိုးရွားလာခဲ့ကြောင်း ကုလသမဂ္ဂအဖွဲ့၏ အဖွဲ့အစည်းတစ်ခုဖြစ်သော OCHA ၏ နှစ်ဝက်အစီရင်ခံစာတွင် ဖော်ပြထားသည်။
လက်နက်ကိုင်ပဋိပက္ခများကြောင့် လူပေါင်းသန်းချီသည် မလုံခြုံမှုများ ဖြစ်လာခြင်းကြောင့် နေရပ်စွန့်ခွာနေထိုင်ခြင်းများဖြစ်လာခဲ့သလို ကျန်းမာရေးအပါအဝင် အရေးပေါ် ဝန်ဆောင်မှုများ လက်ခံရရှိရန် ကန့်သတ်ခံရမှုများလည်းရှိနေခဲ့ကြောင်း OCHA အဖွဲ့က ပြောသည်။
ထို့အပြင် မေလအတွင်း တိုက်ခတ်ခဲ့သော မိုခါမုန်တိုင်းကြောင့် မြန်မာနိုင်ငံ၏ လူသားချင်းဆိုင်ရာစာနာမှုအကူအညီလိုအပ်မှုအခြေအနေများကို ထပ်မံဆိုးရွားလာခဲ့ကြောင်း၊ မိုခါမုန်တိုင်းသည် ပြီးခဲ့သော ဆယ်စုနှစ်အတွင်း မြန်မာနိုင်ငံကိုတိုက်ခတ်ခဲ့သော မုန်တိုင်းများထဲတွင် အဆိုးရွားဆုံးသော သဘာဝဘေးအန္တရာယ်တစ်ခုဖြစ်ကြောင်း သိရသည်။
ထို့အပြင် ၂၀၂၃ ခုနှစ် ပထမနှစ်ဝက်အတွင်း မြန်မာနိုင်ငံတဝှမ်း ငွေကြေးဖောင်းပွမှုနှုန်းမြင့်တက်လာခဲ့ရာ ရှင်သန်နေထိုင်မှုများ၊ အသက်မွေးဝမ်းကြောင်းလုပ်ငန်းများနှင့် ပြည်သူများ၏ ရင်ဆိုင်နိုင်စွမ်းကို ကုန်ခမ်းသလိုမျိုးဖြစ်စေခဲ့ရာ လူသားချင်းဆိုင်ရာစာနာမှုအကူအညီလိုအပ်သူအရေအတွက်က ယခင်ထက် ပိုမိုများပြားလာနေကြောင်း OCHA ၏နှစ်ဝက်အစီရင်ခံစာတွင် ဖော်ပြထားသည်။
မြန်မာနိုင်ငံတွင် ၂၀၂၃ ခုနှစ် ဇန်နဝါရီလမှဇွန်လအတွင်း ပြည်တွင်းနေရပ်စွန့်ခွာနေထိုင်သူများ၏စခန်း (IDPs) အရေအတွက်က ပိုမိုမြင့်တက်လာခဲ့ပြီး နေရပ်စွန့်ခွာနေထိုင်သူဦးရေ ၁ ဒသမ ၉ သန်းအထိ မြင့်တက်လာခဲ့ကြောင်း OCHA ကဆိုသည်။ မြန်မာနိုင်ငံတွင် နေရပ်စွန့်ခွာနေထိုင်သူဦးရေသည် ၂၀၂၂ ခုနှစ် ဒီဇင်ဘာလတွင် ၁ ဒသမ ၅သန်းသာရှိခဲ့သော်လည်း ၂၀၂၃ ခုနှစ် ဇွန်လအကုန်တွင် ၁ ဒသမ ၉သန်းနီးပါးအထိမြင့်တက်ခဲ့သည်။
နေရပ်စွန့်ခွာနေထိုင်သူဦးရေ မြင့်တက်လာခြင်းကြောင့် လူသားချင်းဆိုင်ရာစာနာမှုအကူအညီ လိုအပ်မှု ပိုမိုမြင့်တက်လာခဲ့သည်။ ၂၀၂၃ ခုနှစ် ပထမနှစ်ဝက်အတွင်း လူသားချင်းဆိုင်ရာစာနာမှုအကူအညီပေးရေးလုပ်ငန်းများ၊ အကူအညီပေးရေးလုပ်ငန်းများတွင် ပါဝင်လုပ်ကိုင်နေသူများသည် လက်နက်ကိုင်ပဋိပက္ခ၏သက်ရောက်မှုများ၊ ပစ်မှတ်ထားခံရမှုများ၊ တားဆီးကန့်သတ်ခံရမှုများကို တွေ့ကြုံခဲ့ရကြောင်း သိရသည်။
၂၀၂၃ ခုနှစ် ဇန်နဝါရီမှ ဇွန်လကုန်အထိ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်၊ အရှေ့တောင်ပိုင်းဒေသ၊ အနောက်မြောက်ပိုင်းဒေသများတွင် အရေးပေါ် လူသားချင်းဆိုင်ရာစာနာမှုအကူအညီပေးရေးပစ္စည်းများ လွှဲပြောင်းပေးနိုင်ရန် ဟန့်တားခံရမှုအများဆုံးတွေ့ကြုံခဲ့ရပြီး မြန်မာနိုင်ငံတဝှမ်းတွင် အကူအညီပေးရေးပစ္စည်းများ ဟန့်တားခံရမှု အကြိမ် ၆၃၀ ဖြစ်ပွားခဲ့ကြောင်း OCHA ၏ နှစ်ဝက်အစီရင်ခံစာတွင် ဖော်ပြထားသည်။
Ref- — UNOCHA