၁. ၉. ၂၀၂၃
Written by Nyein Kyaw
တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများအနေဖြင့် တိုင်းပြည်အပေါ်တွင် စိတ်ကောင်းစေတနာကောင်းထားရန်လိုကြောင်း၊ နိုင်ငံရေးမျှော်မှန်းချက်ဖြစ်သည့် ပါတီစုံဒီမိုကရေစီစနစ်ကျင့်သုံးရေးနှင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စု တည်ဆောက်ရေး လုပ်ငန်းများတွင် တိုင်းရင်းသားပြည်သူအားလုံး ပူးပေါင်းပါဝင်ကြရန် လိုအပ်ကြောင်း SAC ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယနေ့ပြုလုပ်သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစည်းအဝေး (၃/၂၀၂၃) တွင် ပြောကြားခဲ့သည်။
တစ်နိုင်ငံလုံး အပစ်အခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) ကို ၂၀၁၅ ခုနှစ် အောက်တိုဘာ ၁၅ ရက်တွင် အစိုးရ၊ လွှတ်တော်၊ တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများက ကမ္ဘာ့ကုလသမဂ္ဂအပါအဝင် တရုတ်၊ အိန္ဒိယ၊ ဂျပန်၊ ထိုင်း စသည့်နိုင်ငံများမှ သံတမန်များ၊ ပြည်တွင်း အသိသက်သေများရှေ့မှောက်တွင် ခမ်းနားထည်ဝါစွာ လက်မှတ်ရေးထိုးခဲ့ကြကြောင်း၊ ပြည်ထောင်စုလွှတ်တော်က အတည်ပြုပေးထားသည့် သမိုင်းဝင်စာချုပ်ဖြစ်ပြီး မည်သည့်အချိန်မှ ပျက်ပြယ်မှုမရှိတည်ရှိနေမည့် စာချုပ်ဖြစ်ကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။
အစိုးရဘက်မှ မိမိကိုယ်တိုင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အနေဖြင့် ပါဝင်လက်မှတ်ရေးထိုးခဲ့ကြောင်း၊ ယခုအခါ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတစ်ခု၏ တာဝန်ရှိသူတစ်ဦးက NCA နှင့်ပတ်သက်၍ အထောက်အထားမဲ့ ၊ အဓိပ္ပါယ်မဲ့စွာ လက်လွတ်စပယ် ပြောကြားခဲ့သည်ကိုတွေ့ရကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားသည်။
တပ်မတော်အနေဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များနှင့် ပတ်သက်၍ NCA စာချုပ်ပေါ်တွင်သာ ခိုင်ခိုင်မာမာရပ်တည် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ လာမည့် အောက်တိုဘာ ၁၅ ရက်တွင် ကျရောက်မည့် (၈) နှစ်မြောက် NCA နှစ်ပတ်လည်နေ့ကိုလည်း လက်တွေ့ကျကျ အဓိပ္ပါယ်ရှိရှိ၊ အလေးအနက်ထား၍ စီစဉ်ကျင်းပသွားမည်ဖြစ်ကြောင်းလည်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားသည်။