October 23, 2024

MT News

Written by Min Mahar

ဗုဒ္ဓဘာသာဝင်များ အထွဋ်အမြတ်ထားသော နေ့ထူးနေ့မြတ်များထဲမှ တစ်ရက်ဖြစ်သည့် တန်ဆောင်မုန်းလပြည့်နေ့ (နိုဝင်ဘာ ၇ ရက်) ပွဲလမ်းသဘင်များ၊ ဘုရားစေတီပုထိုးများသို့ ည ၈ နာရီနောက်ပိုင်း မထွက်ကြရန် မန္တလေးခရိုင် တပ်ရင်း (၃) MDY-PDF အဖွဲ့က ခြိမ်းခြောက်ထားသော ကြေညာချက်အား နိုဝင်ဘာ ၆ ရက်တွင် မန္တလေးတိုင်းမှ ပြည်သူလူထုအား ရည်ရွယ်ထုတ်ပြန်ခဲ့သည်။

“အခုလို ခြိမ်းခြောက်တဲ့ သဘောဆောင်တဲ့ ကြေညာချက်တွေ ထုတ်ထားတော့ ပြည်သူတွေအနေနဲ့ အပြင်ထွက်ရတာ ကျီးလန့်စာ စားနေရသလို ဖြစ်နေပြီ။ ဘယ်သူ့ကြောက်ရလို့ကြောက်ရမယ်မှန်းမသိတဲ့ ခေတ်ကြီးဖြစ်နေတယ်။ အကြမ်းဖက်မှုကိုတော့ မည်သည့်အဖွဲ့အစည်းကိုမှ မလုပ်စေချင်တော့ဘူး။ တကယ်တမ်းနစ်နာခဲ့ရတာ အများပြည်သူတွေပဲ။ ဗုဒ္ဓဘာသာတစ်ယောက်အနေနဲ့ ကိုယ့်ဘာသာဝင်များရဲ့နေ့ထူးနေ့မြတ်မှာတော့ အေးအေးချမ်းချမ်းနဲ့ ကုသိုလ်သာဓုမောဒနာပြုချင်သေးတယ်” ဟု မြို့ခံပြည်သူတစ်ဦးက MDY-PDF များ၏ ခြိမ်းခြောက်မှုအပေါ် ဝေဖန်ပြောဆိုသည်။

အဆိုပါကြေညာချက်တွင် ” မန္တလေးမြို့နေပြည်သူများ မနက်ဖြန် တန်ဆောင်မုန်းလပြည့်နေ့တွင် လူစည်ကားရာနေရာများဖြစ်သည့် ဘုရားစေတီပုထိုးများ၊ ထင်ရှားသည့်နေရာများ၊ SAC မှ ကျင်းပသည့် ပွဲလမ်းသဘင်များ၊ အပျော်အပါးနေရာများဖြစ်သည့် Club များ၊ Beer ဆိုင်များ၊ Bar များ၊ KTV ဆိုင်များကို ည ၈ နာရီကျော် မသွားကြရန်နှင့် အဆိုပါဆိုင်များကလည်း ည ၈ နာရီကျော်အထိ မဖွင့်ရန် တားမြစ်ထားသည့်အပြင် တပ်စွဲထားရာနေရာများ၊ တပ်ယာဥ်တန်းများဖြင့် အနည်းဆုံး မီတာ ၅၀ အကွာတွင် နေကြရန်နှင့် ည ၈ နာရီကျော်ထွက်ပါက တစ်စုံတစ်ခုဖြစ်ခဲ့လျှင် မိမိတာဝန်သာဖြစ်ကြောင်း ခြိမ်းခြောက်ပြောဆိုသည့်သဘောဆောင်သော တာဝန်ယူမှုမရှိသည့် ထုတ်ပြန်ချက်တစ်စောင်ကို အဆိုပါအဖွဲ့မှ ထုတ်ပြန်ကြေညာထားသည်ကို တွေ့ရသည်။

Leave a Reply

Your email address will not be published. Required fields are marked *