၂. ၉. ၂၀၂၃
Translated by Htwe Ko Tun
အိန္ဒိယနိုင်ငံက လ ၏ တောင်ဝင်ရိုးစွန်းအနီးသို့ ဆင်းသက်ခဲ့သည့် ၎င်း၏ လဆင်း အာကာသယာဥ်တစ်စီးကို အောင်မြင်စွာ ပစ်လွှတ်ဆင်းသက်နိုင်ခဲ့ပြီးနောက် ရက်အနည်းငယ်အကြာ စက်တင်ဘာ ၂ ရက်တွင်ပင် နေ ဘက်ဆီသို့ ၎င်း၏ ပထမဆုံးသော လေ့လာရေးအာကာသယာဉ်တစ်စီးကို ထပ်မံ ပစ်လွှတ်ခဲ့ကြောင်း သိရသည်။
Aditya-L1 အမည်ရှိ အဆိုပါ နေသွားအာကာသယာဉ်ကို အန်ဒရာပရာဒက်ရှ်ပြည်နယ်၊ ဆရီဟာရီကိုတာ ခရိုင်ရှိ ပစ်စင်မှ စက်တင်ဘာ ၂ ရက် အိန္ဒိယစံတော်ချိန် ၁၁ နာရီ ၅၀ မိနစ် (ဂရင်းနစ်စံတော်ချိန် ၀၆း၂၀ နာရီ) တွင် ပစ်လွှတ်ခဲ့ခြင်းဖြစ်သည်။ ၎င်းက ကမ္ဘာမှ ကီလိုမီတာ ၁ ဒသမ ၅ သန်း(၉၃၂,၀၀၀ မိုင်)အကွာအဝေးတွင်တည်ရှိနေမည်ဖြစ်ကြောင်းလည်း အိန္ဒိယအာကာသအေဂျင်စီက ပြောခဲ့သည်။ အာကာသယာဉ်က ထိုနေရာသို့ရောက်ရန် လေးလကြာသွားရမည်ဖြစ်ပြီး နေနှင့် ကမ္ဘာ အကွာအဝေး၏ တစ်ရာခိုင်နှုန်းသာ ရှိမည်ဖြစ်သည်။
အဆိုပါအာကာသယာဉ်က နေနှင့်ကမ္ဘာအကြား Lagrange point 1 ခေါ် တိကျသောနေရာတွင် စခန်းချမည်ဖြစ်သည်။ ဥရောပ အာကာသအေဂျင်စီက Lagrange point 1 မှာ နေနှင့်ကမ္ဘာတို့ကဲ့သို့ ကြီးမားသော ဂြိုဟ်ကြီးနှစ်ခု၏ ဆွဲငင်အားများ တစ်ခုကိုတစ်ခုပယ်ဖျက်ကာ အာကာသယာဉ်အနေဖြင့် ထိုနေရာတွင် ရစ်ဝဲ၍နေနိုင်မည်ဖြစ်ကြောင်း ပြောခဲ့သည်။
Aditya-L1 က ထိုနေရာသို့ ရောက်ရှိစခန်းချပြီးနောက် ကမ္ဘာ၏ လည်ပတ်နှုန်းအတိုင်း နေကိုလှည့်ပတ်နေမည်ဖြစ်သည်။ အိန္ဒိယအာကာသအေဂျင်စီက Aditya-L1 နေလေ့လာရေး အာကာသယာဉ်လွှတ်တင်မှုအတွက် ကုန်ကျစရိတ်ကိုထုတ်ဖော်ပြောကြားခြင်းမရှိခဲ့ပေ။ သို့ရာတွင် အိန္ဒိယသတင်းစာများက ထို အာကာသယာဉ်ခရီးစဉ်အတွက် ရူပီး ၃ ဒသမ ၇၈ ဘီလျံ(ဒေါ်လာ ၄၆ သန်း၊ ပေါင်စတာလင် ၃၆ သန်း) ကုန်ကျသည်ဟု ဖော်ပြခဲ့ကြသည်။
Aditya-L1 က သိပ္ပံဆိုင်ရာ ကိရိယာခုနှစ်ခုကို သယ်ဆောင်သွားမည်ဖြစ်ပြီး ၎င်းတို့ဖြင့် ကိုရိုနာ ခေါ် နေ၏လေထုတွင် အပြင်ဘက်အကျဆုံးအလွှာ၊ ကမ္ဘာမှ လှမ်းမြင်နိုင်သည့် Photosphere ခေါ် နေ၏မျက်နှာပြင်အစိတ်အပိုင်းနှင့် Chromosphere ခေါ် ကိုရိုနာနှင့် Photosphere တို့အကြား ပါးလွှာသော အလွှာတို့ကို လေ့လာကြမည်ဖြစ်သည်။
အိန္ဒိယနိုင်ငံက ယခုအခါ အာကာသအတွင်း ဂြိုဟ်တု အစင်း ၅၀ ခန့်လွှတ်တင်ထားကာ ဆက်သွယ်ရေး၊ ရာသီဥတုနှင့် မိုးခေါင်ရေရှား၊ သဘာဝကပ်ဘေးများအတွက် အချက်အလက်များရရှိရန် အသုံးပြုလျက်ရှိသည်။
Ref—-BBC