
ဟောင်ကောင်၌ တိုင်ဖွန်းချဉ်းကပ်လာချိန် စက်တင်ဘာလ ၁ ရက်တွင် ရေလွှမ်းမိုးမှု၏ကာကွယ်နိုင်ရန် ပြင်ဆင်မှုများကို တွေ့ရစဉ်။
၂. ၉. ၂၀၂၃
Translated by Htwe Ko Tun
တိုင်ဖွန်းမုန်တိုင်း ဆော်လာ(Typhoon Saola) က ရှင်ဂျန်း၊ ဟောင်ကောင်နှင့် မကာအိုမြို့များအနီးမှဖြတ်သန်း၍ ပြင်းထန်လှသော လေတိုက်ခတ်မှုနှုန်းနှင့်အတူ တရုတ်ပြည်သူ့သမ္မတနိုင်ငံတောင်ပိုင်း ဂွမ်ဒုံပြည်နယ်အတွင်း ရှင်ကျန်းမြို့အနီးမှ စက်တင်ဘာ ၂ ရက် နံနက်အစောပိုင်းတွင် ကုန်းတွင်းသို့ဝင်ရောက်ခဲ့ရာ အနည်းဆုံးလူတစ်ဦးသေဆုံးပြီး အပျက်အစီးထိခိုက်မှုအများအပြားရှိခဲ့ကာ နယ်မြေအများအပြားတွင် ရေလွှမ်းမိုးမှုများဖြစ်ပွားနေကြောင်း ကနဦးသတင်းများအရ သိရသည်။
အာရှ၏ငွေကြေးဆိုင်ရာအချက်အချာ ဟောင်ကောင်မြို့နှင့် တရုတ်နိုင်ငံတောင်ပိုင်းလူဦးရေထူထပ်လှသည့် ဂွမ်ဒုံပြည်နယ်တို့တွင် စက်တင်ဘာ ၁ ရက်ကစ၍ပင် လေကြောင်းပျံသန်းမှုများရပ်ဆိုင်းကာ တိုင်ဖွန်းဆော်လာ ချဉ်းကပ်လာသည်နှင့်အမျှ ကျောင်းများ၊ စီးပွားရေးလုပ်ငန်းများ၊ ငွေကြေးဈေးကွက်များ အားလုံးကိုပိတ်ထားခဲ့ကြသည်။
ကုန်းတွင်းဝင်ရောက်ချိန်တွင် စူပါတိုင်ဖွန်း ဆော်လာကလေတိုက်နှုန်း တစ်နာရီလျှင် ကီလိုမီတာ ၂၀၀ ကျော်(တစ်နာရီလျှင် ၁၂၅ မိုင်နှုန်း)ရှိပြီး ဟောင်ကောင်လေဆိပ်တွင် လေကြောင်းပျံသန်းမှုခရီးစဉ် ၄၆၀ ခန့်ကို ဖျက်သိမ်းခဲ့ရမှုကြောင့် ခရီးသည် ၃၀၀ ကျော် သောင်တင်နေကြောင်းလည်း သိရသည်။
ဟောင်ကောင်ကျွန်းတွင် စက်တင်ဘာ ၁ ရက်မှ စက်တင်ဘာ ၂ ရက် နံနက်အထိ တစ်ညလုံးမုန်တိုင်း ကြောင့် မိုးသည်းထန်စွာရွာသွန်းကာ လေပြင်းထန်စွာတိုက်ခတ်မှုကြောင့် သစ်ပင်များလမ်းပေါ်သို့လဲနေသည်ကို စက်တင်ဘာ ၂ ရက် နံနက်တွင်တွေ့ကြရသည်။ လူ ၅၀၀ ခန့် မုန်တိုင်းကာလခိုလှုံရေး အဆောက်အအုံများသို့ဝင်ရောက်ခိုလှုံနေကြရကာ လူ ၅၀ ကျော်ကို တိုင်ဖွန်းကြောင့် ဆေးရုံများသို့တင်ပိုထားရကြောင်းလည်း သိရသည်။
ကမ္ဘာ့အကြီးမားဆုံးလောင်းကစားမြို့တော်ဖြစ်သည့် မကာအိုတွင်လည်းလောင်းကစားရုံများကို အစိုးရက စက်တင်ဘာ ၁ ရက်ညမှစ၍ ပိတ်ထားခဲ့ပြီး ကာစီနိုရုံများကို စက်တင်ဘာ ၂ ရက် နံနက် ၈ နာရီမှ ပြန်လည်ဖွင့်လှစ်ကြရန် အမိန့်ထုတ်ခဲ့သည်။
တိုင်ဖွန်းမုန်တိုင်းက တရုတ်နိုင်ငံတောင်ပိုင်း ဂွမ်ဒုံပြည်နယ်ကမ်းရိုးတန်းကို စက်တင်ဘာ ၂ ရက် နံနက် ၃ နာရီခွဲခန့်တွင် စတင်ဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ပြည်နယ်အတွင်း လူ ၉၀၀,၀၀၀ ခန့်ကို ဘေးလွတ်ရာသို့ရွှေ့ပြောင်းခဲ့ရပြီး ရှင်ဂျန်းမြို့အနီးတွင် သစ်ပင်တစ်ပင်က ကားတစ်စီးပေါ်ပြိုလဲကျရာ ကားပိုင်ရှင်လူတစ်ဦးသေဆုံးခဲ့ရကြောင်း တာဝန်ရှိသူများက ပြောခဲ့ သည်။
ဂွမ်ဒုံပြည်နယ်အတွင်းဝင်ရောက်ခဲ့သော မုန်တိုင်းများအနက် တိုင်ဖွန်းဆော်လာက ၁၉၄၉ ခုနှစ်တွင် ဝင်ရောက်ခဲ့သည့် လေတိုက်နှုန်းတစ်နာရီလျှင် ကီလိုမီတာ ၁၆၀ ရှိအားကောင်းသော တိုင်ဖွန်းမုန်တိုင်းပြီးလျှင် အားအကောင်းဆုံးဟုလည်း သိရသည်။
Ref—-Reuters

