၂. ၉. ၂၀၂၃
Written by Pan Ei
အဆက်အစပ်မရှိတဲ့ အပူနဲ့ အအေးကို ပေါင်းစပ်ချက်ပြုတ်ထားတဲ့ ရေခဲမုန့်ကြော်လိုမျိုး အစားအစာကို ကြားဖူးနိုင်ပေမဲ့ အခုတစ်ခါမှာတော့ တရုတ်နိုင်ငံက ထူးထူးခြားခြားလမ်းဘေးအစားအစာ ရေခဲကင်ဟာ မေးခွန်းပေါင်းများစွာကို ဖြစ်ပေါ်စေနေပြီး တရုတ်ဆိုရှယ်မီဒီယာပေါ်မှာတော့ အတော်လေးကို နာမည်ကြီးနေပါတယ်။
ပြီးခဲ့တဲ့ လအနည်းငယ်လောက်က တရုတ်နိုင်ငံမှာ ပုံမှန်မဟုတ်တဲ့ လမ်းဘေးအစားအစာ ကျောက်ခဲကြော်အကြောင်းက အွန်လိုင်းပေါ်မှာ ရေပန်းစားခဲ့ပြီး အခုတစ်ခါမှာလည်း တရုတ်နိုင်ငံ၊ ဂျန်ရှီပြည်နယ်၊ နန်ချန်မြို့က လမ်းဘေးစားသောက်ဆိုင်တစ်ခုက ရေခဲကင်ပြုလုပ်ရောင်းချနေတဲ့ ဗီဒီယိုဟာ အွန်လိုင်းပေါ် ပျံ့နှံ့လာရာမှာတော့ အင်တာနက်ပေါ်မှာ လူပြောများနေခဲ့တာပါ။
ရေခဲကင်ဆိုတာကတော့ ပူနေတဲ့ အကင်, ကင်တဲ့ သံဇကာပြားပေါ်မှာ ရေခဲတုံးကြီးတွေကို ဆောစ့်တွေ ငရုတ်သီးမှုန့်တွေဖြူးကာ ကင်ပေးတာဖြစ်ပြီး အထူးသဖြင့် အဲ့ဒါကို အခမဲ့ မြည်းစမ်းခွင့်ပေးတာကြောင့် တရုတ်နိုင်ငံက ပူပြင်းတဲ့ နွေရာသီနေ့တွေမှာတော့ အတော်လေးရေပန်းစားနေပုံရပါတယ်။
ရေခဲကင်ကို ဖန်တီးထားတဲ့ ဆိုင်ရှင်အနေနဲ့ ပူပြင်းတဲ့နေ့မှာ လူကိုအေးစေတဲ့နည်းလမ်းအဖြစ် ရေခဲကင်စားဖို့ စိတ်ကူးပေါ်လာတယ်ဆိုတာကတော့ သိသာပါတယ်။ သူဟာ အစကတော့ ရေခဲကင်ကို ဟာသတစ်ခုအနေနဲ့ ရည်ရွယ်ထားပေမဲ့ လူတွေက သဘောကျသွားတဲ့အတွက် သူဆက်ပြီး ဖန်တီးခဲ့တာဖြစ်ပြီး ရေခဲကင်က ငွေကြေးဘာမှမကုန်ကျပေမဲ့လည်း မြည်းစမ်းကြည့်ချင်သူတွေ အများအပြားရှိတာကြောင့် ကြိုတင်အော်ဒါတင်ထားဖို့ လိုအပ်ပါတယ်။
ရေခဲကင်ကို ပြင်ဆင်ပြသတဲ့ ဗီဒီယိုတွေဟာ တရုတ်နိုင်ငံရဲ့ ဆိုရှယ်မီဒီယာတွေမှာ ပျံ့နှံ့သွားခဲ့ရာမှာတော့ လူတွေကို စူးစမ်းလိုစိတ်တွေ ဖြစ်ပေါ်စေကာ “ပူနေချိန် စားရမလား ဒါမှမဟုတ် အေးတဲ့အချိန်မှာ စားသင့်လား” လို့ လူတစ်ဦးက မေးခဲ့ပြီး အဲဒါကို အအေး ဒါမှမဟုတ် ပူတဲ့အစားအစာလို့ သတ်မှတ်ရမှာလားလို့လည်း မှတ်ချက်ပေးတာတွေ ရှိခဲ့ပါတယ်။
Ref; Oddity Central