၂. ၉. ၂၀၂၃
Written by Nay Aung
ထိုင်းနှင့် မြန်မာနယ်စပ်ဒေသရှိ တရုတ်နိုင်ငံသားများ ဦဆောင်နေသော အွန်လိုင်းအသုံးပြုကာ လိမ်လည်နေသည့်ဂိုဏ်းများလက်ထဲတွင် လိင်ပိုင်းဆိုင်ရာလုပ်ငန်းများလုပ်ကိုင်နေရသော ထိုင်းအမျိုးသမီးတစ်ဦးကို ပြီးခဲ့သောရက်ပိုင်းတွင်ပြန်လည်ကယ်တင်နိုင်ခဲ့ကြောင်း ထိုင်းအာဏာပိုင်များက သတင်းထုတ်ပြန်လိုက်သည်။
ချင်းရိုင်လူဝင်မှုကြီးကြပ်ရေးဌာန၊ ချင်းရိုင် ရဲတပ်ဖွဲ့၊ မယ်ဆိုင်ရဲတပ်ဖွဲ့ တာဝန်ရှိသူများသည် မြန်မာအာဏာပိုင်များနှင့် ပူးပေါင်းပြီးရှမ်းပြည်နယ်တွင် လိင်ပိုင်းဆိုင်ရာ လုပ်ငန်းများလုပ်ကိုင်နေရသော အသက် ၂၉ နှစ်အရွယ်ရှိ ထိုင်းအမျိုးသမီးကို ပြန်လည်ကယ်တင်နိုင်ခဲ့ပြီး ဘေးကင်းစွာဖြင့် ထိုင်းနိုင်ငံသို့ ပြန်လည်ခေါ်ဆောင်နိုင်ခဲ့ကြောင်းသိရသည်။
ထိုင်းနိုင်ငံ Ubon Ratchathani ဒေသတွင် နေထိုင်သော အသက် ၂၉ နှစ်အရွယ်ရှိ Miss Kai ဆိုသည့်အမျိုးသမီးက ၎င်းသည် ဘန်ကောက်မြို့ရှိ စားသောက်ဆိုင်တွင်အလုပ်လုပ်ကိုင်ခဲ့ပြီး Tiktok မှတစ်ဆင့် ရှမ်းပြည်နယ်ရှိ Muang Pok အထူးစီးပွားရေးဇုန်တွင် အလုပ်လုပ်ရမည်ဟု မေလအတွင်း ကမ်းလှမ်းခံရကြောင်း ပြောသည်။ ၎င်းသည် ကမ်းလှမ်းမှုကို လက်ခံရရှိခဲ့ပြီးနောက် ဇွန်လတွင် မြန်မာနိုင်ငံသို့သွားရောက်ရန်ဆုံးဖြတ်ခဲ့ပြီး မယ်ဆိုင်ဒေသမှတစ်ဆင့် မြန်မာနိုင်ငံဘက်ခြမ်းကို တောလမ်းအတိုင်းဝင်ရောက်ခဲ့ကြောင်း၊ မြန်မာနိုင်ငံဘက်ခြမ်းသို့ ရောက်ရှိချိန်တွင် ပစ်ကပ်ကားဖြင့် မြို့တစ်မြို့သို့ ခေါ်ဆောင်သွားခံရကြောင်း ထိုင်းအမျိုးသမီးကပြောသည်။ ၎င်းသည် ရှမ်းပြည်နယ်ဘက်ခြမ်းကို ရောက်ရှိသွားခဲ့ပြီးနောက် အခန်း ၁၀ ခန်းပါသော နှစ်ထပ်တိုက်တွင်အလုပ်လုပ်ရကြောင်း၊ တရုတ်နိုင်ငံသားများကြီးကြပ်လုပ်ကိုင်နေသော Call Center အမည်ရှိကုမ္ပဏီတွင် အမျိုးသမီးများ အတင်းအဓမ္မအလုပ်ခိုင်းစေခံနေရကြောင်း၊ အဆောက်အဦဝန်းကျင်တွင် လျှပ်စစ်လွှတ်ထားသော သံဆူးကြိုးများလည်းရှိနေကြောင်း ၎င်းကပြောသည်။
ထိုင်းအမျိုးသမီးက ၎င်းအနေဖြင့် တရုတ်ဘာသာစကားကို နားမလည်သော်လည်း စာချုပ်ချုပ်ဆိုရန် အတင်းအကြပ် ဖိအားပေးခံရသလို ရိုက်နှက်မှုများလုပ် ဆောင်မည်ဟု ခြိမ်းခြောက်ခံရခြင်းများကြောင့် စာချုပ်ချုပ်ဆိုခဲ့ရကြောင်း ပြောသည်။ ၎င်းအနေဖြင့် လိင်ပိုင်းဆိုင်ရာအလုပ်များကို အတင်းအကြပ်ခိုင်းစေခံရကြောင်း၊ အဆိုပါအလုပ်ကိုမလုပ်ရန် ငြင်းဆန်ချိန်တွင်လည်း လျှပ်စစ်ဝါယာရှော့ခ်တိုက်ခံရခြင်း၊ ကျောကုန်းကိုတုတ်ချောင်းဖြင့် ရိုက်နှက်ခံရခြင်း၊ အခန်းထဲတွင် လက်ထိပ်ခတ်ခံရခြင်း၊ အစာမကျွေးဘဲ ရက်နှင့်ချီအငတ်ထားခြင်း စသော ညှင်းပန်းနှိပ်စက်မှုမျိုးစုံရင်ဆိုင်ခဲ့ရကြောင်း ပြောသည်။
၎င်းအနေဖြင့် လိင်ပိုင်းဆိုင်ရာလုပ်ငန်းများကို မလုပ်ချင်သော်လည်း အသက်ရှင်လွတ်မြောက်ရန်အတွက် လုပ်ကိုင်ခဲ့ရကြောင်း ထိုင်းအမျိုးသမီးဖြစ်သူ Miss Kai က ပြောသည်။ Miss Kai က ” အလုပ်လုပ်ချိန် ပုံသေမရှိဘူး။ ကျွန်မလုပ်နေရတဲ့ လိင်ပိုင်းဆိုင်ရာ လုပ်ငန်းမှာ အလုပ်လုပ်နေတဲ့အမျိုးသမီးဦးရေ ၃၀ ခိုင်းစေခံနေရတယ်။ ဗီယက်နမ်အမျိုးသမီး ၂၉ ဦးရှိနေတယ်။ ထိုင်းနိုင်ငံသားဆိုရင် ကျွန်မတစ်ဦးတည်းသာရှိပါတယ်”ဟုပြောသည်။
၎င်းသည် လူကုန်ကူးလုပ်ငန်းများတွင် အတင်းကြပ်ခိုင်းစေခံနေရသော ထိုင်းနိုင်ငံသားများကို ကူညီပေးရန်နှင့် သတင်းအချက်လက်များ မျှဝေပေးနိုင်သည့် Ninja Today ကို တွေ့ရှိခဲ့ပြီးနောက် အကူအညီများတောင်းဆိုခဲ့ခြင်းမျိုးဖြစ်ကြောင်း ပြောသည်။
Ref- — mgronline