၂. ၉. ၂၀၂၃
Written By Thandar
တရုတ်နိုင်ငံမှာ ကျင်းပမယ့် Miss Tourism World 2023 ပြိုင်ပွဲကြီးကို မြန်မာနိုင်ငံကိုယ်စားပြု အလှမယ် ဆုမြတ်ရီ ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပါတယ်။
“ကျွန်မ ဒီပြိုင်ပွဲဝင်ရောက်ယှဥ်ပြိုင်ခွင့်ကို ဆရာဂျွန်လွင်ရဲ့ပံ့ပိုးမှုကြောင့်ပါ။ ကုန်ကျစရိတ်တွေကိုလည်း ကျွန်မမှာအဆင်မပြေတော့ ဆရာကပဲ လမ်းစရိတ်နဲ့ နေထိုင်စားသောက်စရိတ်တွေ အကုန်သူတို့စီစဉ်ပေးမှာပါ ပြောတော့ ကျွန်မနဲ့ ပြိုင်ပွဲအတွက် နီးစပ်ပြီဆိုပြီး မျက်ရည်ဝဲတဲ့အထိ ပျော်ခဲ့ပါတယ်။ ကျွန်မက Miss Grand Hakha လည်းဖြစ်တော့ Miss Grand Myanmar ရဲ့ Organizer ဆရာထူးအံ့လွင်ကိုလည်း အကျိုးအကြောင်း ပြောပြပြီး ခွင့်တောင်းတော့ ဆရာထူးကလည်း ခွင့်ပြုပေးခဲ့ပါတယ်။ ဒါဟာ ကျွန်မအိပ်မက်တွေထဲက တစ်ခုလေ။ international စင်မြင့်ပေါ်မှာ လျှောက်ချင်တဲ့ ကျွန်မရဲ့အိပ်မက်တစ်ခုကို အစပျိုးခွင့်ရတော့မှာဆိုတော့ ပြောပြမတတ်အောင် ပီတဖြစ်ရပါတယ်”လို့ Miss Tourism World Myanmar 2023 အလှမယ် ဆုမြတ်ရီက MT News ကိုပြောပါတယ်။
နိုဝင်ဘာ ၁ ရက်ကနေ နိုဝင်ဘာ ၁၈ ရက်အထိ တရုတ်နိုင်ငံမှာ ကျင်းပမယ့် Miss Tourism World 2023 ပြိုင်ပွဲကြီးကို နိုင်ငံပေါင်း ၈၀ နီးပါးက အလှမယ်တွေ ဝင်ရောက်ယှဥ်ပြိုင်ကြမှာလည်း ဖြစ်ပါတယ်။ Miss Tourism World Myanmar 2023 အလှမယ် ဆုမြတ်ရီက International ပြိုင်ပွဲကြီးအတွက် တရုတ်ဘာသာစကား အပြင် English စာရော လေ့လာသင်ယူနေတယ်လို့ဆိုပါတယ်။ သူမဟာ Miss Grand Hakha 2024 သရဖူရရှိ ထားသူလည်းဖြစ်ပြီး Grand City Winner ရရှိပြီးမှ နိုင်ငံကိုယ်စားပြုခွင့် ရရှိလာတဲ့ ဒုတိယမြောက်အလှမယ် ဖြစ်တယ်လို့ သိရပါတယ်။
“ကျွန်မအနေနဲ့ ပြင်ဆင်မှုတွေကတော့ ဒီနှစ်လအတွင်းမှာ Miss Grand Myanmar Final ပွဲအတွက်ရော တရုတ်ပြည်မှာပြိုင်မယ့် Miss Tourism World 2023 ပွဲအတွက်ပါ တပြိုင်တည်း ပြင်ဆင်မှုတွေ လုပ်ရမှာပေါ့နော်။ တရုတ်ပြည်မှာ မြန်မာကိုယ်စားပြုအနေနဲ့ ပြိုင်ရမှာရောကြောင့် တာဝန်ကြီးတယ်လို့တော့ခံစားရပါတယ်ရှင့်။ ပင်တော့ ပင်ပန်းပေမယ့် ကိုယ့်ရဲ့ Passion မို့လားမသိဘူး အရမ်းပျော်နေပါတယ်ရှင့် ။ မြန်မာကိုယ်စားပြုအနေနဲ့ မြန်မာနဲ့ပတ်သက်ပြီး Organization ဘက်ကရော တခြားနိုင်ငံက အလှမယ်တွေပါ သတိထားမိအောင် Camp အတွင်းဝတ်မယ့် အဝတ်အစားတွေ ပြိုင်ပွဲမှာချပြမယ့်အရာတွေကအစ အရာရာတိုင်းမှာ မြန်မာအငွေ့အသက်ပါအောင် စီစဉ်နေပါတယ်။ ကျွန်မကို အားပေးဝန်းရံပေးကြပါဦး။ အားလုံးရဲ့ ကောင်းသောအကြံပေးမှုတွေက ကျွန်မအတွက် တန်ဖိုးရှိပြီး ပိုမိုကောင်းမွန်အောင် ပြင်ဆင်နိုင်ဖို့ကြိုးစားမယ်ပါရှင့် ”လို့ သူမက ဆက်ပြောပါတယ်။