◾ မူးယစ်ဆေးဝါး ဖမ်းမိပါက ဆိုင်ကို လုံးဝ ပိတ်သိမ်းခံရမည်ဖြစ်ကြောင်း ကတိဝန်ခံချက်တွင် ဖော်ပြထား
၂. ၉. ၂၀၂၃
Written by Peya
စင်တင်တေးဂီတ ဖျော်ဖြေခြင်း လုပ်ငန်းအတွက် လိုင်စင် လျှောက်ထားခြင်းကို ၄၅ ရက်အတွင်း ဆောင်ရွက်ကြရန် အသိပေးနေကြောင်း စင်တင်တေးဂီတ ထည့်သွင်းထားသည့် စားသောက်ဆိုင်လုပ်ငန်းရှင်အချို့ထံက သိရကာ လုပ်ငန်းရှင်များ လိုက်နာရမည့် ကတိ ဝန်ခံချက်အတွင်း မူးယစ်ဆေးဝါး ဖမ်းမိပါက ဆိုင်ကို လုံးဝပိတ်သိမ်းခံရမည် ဖြစ်ကြောင်းလည်း ထည့်သွင်းဖော်ပြထားကြောင်း သိရသည်။
ပြီးခဲ့သည့် ဇူလိုင်လအတွင်း အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက စာထုတ်ကာ စင်တင်တေးဂီတ ဖျော်ဖြေမှုများကို ပိတ်သိမ်းခိုင်းခဲ့ပြီးနောက် ပြန်လည်ဖွင့်လှစ်ခွင့်ပြုခဲ့ပြီး ယခုတစ်ကြိမ်တွင် စင်တင်တေဂီတ ဖျော်ဖြေခြင်း လုပ်ငန်းအတွက် သက်ဆိုင်ရာ စင်တင်တေးဂီတဖျော်ဖြေမှု လုပ်ငန်းကြီးကြပ်မှုကော်မတီသို့ လိုင်စင်လျှောက်ထားရန် ဆောင်ရွက်လာခြင်း ဖြစ်သည်။
“အခုကတော့ လိုင်စင်အတွက် လုပ်ငန်းရှင်တွေကို အစည်းအဝေး ခေါ်တာမျိုးတွေ ရှိပါတယ်။ နားလည်သလောက်ကတော့ အစည်းအဝေးခေါ်ပြီး ၄၅ ရက် အတွင်း လိုင်စင်လျှောက်ထားရမယ်လို့ သိရတယ်။ ရှင်းပြတာအရဆိုရင်တော့ စင်တင်လုပ်လို့ လိုင်စင်မရှိရင် အနည်းဆုံး ပမာဏက သုံးနှစ် ဆိုင်ပိတ်မယ်ပေါ့။ အဲ့ဒီလို သိရတယ်။ လိုင်စင်ကြေးကတော့ မသိရသေးပါဘူး။ စည်းကမ်းချက်တွေကတော့ တင်းကြပ်သွားတယ်လို့ မြင်မိတယ်” ဟု စင်တင်တေးဂီတ ဖျော်ဖြေခြင်း လုပ်ငန်း ထည့်သွင်းထားသည့် စားသောက်ဆိုင်ပိုင်ရှင်တစ်ဦးက ဆိုသည်။
ထိုသို့ ဆောင်ရွက်ခြင်းကို ရန်ကုန်တိုင်းဒေသကြီးတွင်သာမက အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်များတွင်လည်း ဆောင်ရွက်နေခြင်းဖြစ်ကြောင်းလည်း MT News သတင်းဌာနက မေးမြန်းထားသည့် အချက်အလက်များအရ သိရသည်။
လုပ်ငန်းရှင်များ၏ ကတိဝန်ခံချက်အတွင်းအဆောက်အဦ သို့မဟုတ် အခန်းသည် အသံလုံခြုံရမည် ဖြစ်ပြီး ပတ်ဝန်းကျင်ကို အနှောင့်အယှက် မဖြစ်စေရန်၊ လာရောက်စားသောက်သူများ စားပွဲနှင့် ကခုန်သည့် နေရာများသို့ သီဆိုဖျော်ဖြေသူ အမျိုးသမီးများ၊ အမျိုးသမီး စားပွဲထိုးများ ဝင်ထိုင်ခြင်း ကပ်ထိုင်ခြင်း၊ ဖျော်ဖြေသူ အမျိုးသမီးများအား ကိုင်တွယ်ခြင်း ထိခြင်း၊ နမ်းရှုပ်ခြင်း၊ လက်ဆွဲနှုတ်ဆက်ခြင်း စသည်တို့ကို မပြုလုပ်ရန်၊ အဆိုတော် အယောင်ပြကာ သီဆိုဖျော်ဖြေပြီးနောက် လာရောက်နားထောင်သူများမှ အခကြေးငွေ ပေး၍ ပျော်ပါးရန် ခေါ်ယူခြင်း၊ ငွေကြေးလက်ခံ၍ ပျော်ပါးသူများနှင့် ညှိနှိုင်းစီစဉ်ပေးခြင်း၊ ထည့်ပေးခြင်းပြုလုပ်ပါက ဆိုင်ရှင်နှင့် တာဝန်ရှိသူကို ဥပဒေအရ အရေးယူမည့်အပြင် ဆိုင်ကို အနည်းဆုံး သုံးနှစ်နှင့် အထက် ပိတ်သိမ်းခြင်း၊ မူးယစ်ဆေးဝါးများ သုံးစွဲခြင်း မပြုရန် တာဝန်ယူ ဆောင်ရွက်သွားမည်ဖြစ်ပြီး မူးယစ်ဆေးဝါး ဖမ်းဆီးရမိပါက ဆိုင်ကို လုံးဝ ပိတ်သိမ်းခံရမည့်အပြင် တရားဥပဒေအရ အရေးယူခံရမည်ကို သိရှိကြောင်းလည်း ဖော်ပြထားသည်။
လုပ်ငန်းရှင်များ လိုက်နာရမည့် စည်းကမ်းအတွင်း ဆိုင် စားပွဲဝိုင်း ပြင်ဆင်ရာတွင် စားပွဲဝိုင်းအားလုံး အလင်းရောင်အောက် ခင်းကျင်းထားရန်၊ ပတ်ဝန်းကျင်အိမ်များ အသံကြောင့်အနှောင့်အယှက်မဖြစ်စေရန်၊ သီဆို ဖျော်ဖြေသူအား ပန်းကုံး၊ ဆုငွေနှင့် အခြား ဆုလက်ဆောင်ပစ္စည်းများ ချီးမြှင့်ရာတွင် မြန်မာ့ယဉ်ကျေးမှုနှင့် ဆန့်ကျင်သော အပြုအမူများ မရှိစေရေး ကြီးကြပ်ဆောင်ရွက်ရန်၊ အရက်သေစာ သောက်စား မူးယစ်ပြီး စင်ပေါ်တွင် ဖျော်ဖြေခွင့်မပြုရန် စသည်ဖြင့် အချက်များ ပါဝင်သည်။