၂. ၉. ၂၀၂၃
Written By Thandar
မဟာအက်ပလီကေးရှင်းမှာ ထုတ်လွှင့်ပြသလျက်ရှိတဲ့ လောင် ဇာတ်လမ်းတွဲမှာ သရုပ်ဆောင် ထက်ထက်ထွန်းကို ခါးပတ်နဲ့ ရိုက်ရတဲ့ ဇာတ်ဝင်ခန်းကို မုန်းမိတယ်လို့ သရုပ်ဆောင် တိုင်ရွန်က ဖွင့်ဟလာပါတယ်။
“ဒီကားထဲမှာ ကျွန်တော်သရုပ်ဆောင်ထားတဲ့ ကာရိုက်တာမျိုးက တော်တော်ဆိုးဆိုးပါ။ ဘယ်လို မိန်းကလေးမျိုးမှ မလိုချင်တဲ့ ယောကျ်ားလေးမျိုးပါ။ ဒီကာရိုက်တာနဲ့ ယောကျ်ားလေးမျိုးဆိုရင် ဝေးဝေးကနေ ရှောင်ပါလို့ ပြောချင်တယ်။ မိန်းကလေးတွေ သင်ခန်းစာယူသင့်တယ်။ မထက်ကို ခါးပတ်နဲ့ ရိုက်တဲ့ အခန်းတွေဆိုရင် ကိုယ့်ကိုယ်ကိုယ် အရမ်းမုန်းရတယ်။ တော်တော်လေးကို မုန်းဖို့ကောင်းတယ်။ အပြင်မှာဆိုရင်တော့ ဒီလိုမျိုး ကာရိုက်တာရှိတဲ့ ယောကျ်ားလေးမျိုးဆိုရင် လုံးဝကို မချစ်သင့်ပါဘူး။ ရှောင်ကိုရှောင်ရမယ့် ယောကျ်ားလေး ပုံစံမျိုးပါ” လို့ တိုင်ရွန်က ပြောပါတယ်။
လောင်ဇာတ်လမ်းတွဲမှာ တိုင်ရွန်က ခွန်ဇိုင်းဆိုတဲ့ ကာရိုက်တာနဲ့ ထက်ထက်ထွန်းအတူ တွဲဖက်ပြီး ပါဝင် သရုပ်ဆောင်ထားတာလည်း ဖြစ်ပါတယ်။ သူရဲ့ ကာရိုက်တာကို ဒီဇာတ်လမ်းတွဲမှာတော့ ယခင်ရိုက်ကူးနေကျ ဇာတ်လမ်း ဇာတ်အိမ်တွေနဲ့ မတူညီတဲ့ ပုံစံတစ်မျိုးတွေနဲ့မြင်တွေ့ရမှာဖြစ်ပါတယ်။
“ဒီဇာတ်လမ်းတွဲမှာ မထက်ထက်ထွန်းနဲ့ နမ်းတဲ့အခန်းတွေပါတယ်။ အဲဒါက တကယ် နမ်းတာပါ။ မထက်ကိုကျတော့ အစ်မအရင်းလို ဖြစ်နေတော့ မိန်းကလေးလို့တောင် မမြင်မိဘူး။ ယောကျ်ားဆန်တဲ့ ပုံစံမျိုးဆိုတော့ အစ်မကလည်း သူ့ကို နမ်းရမယ့်အခန်းဆိုလည်း နမ်းနမ်း၊ ရိုက်ရမယ့် အခန်းဆိုလည်း ရိုက်ရိုက် ဆိုပြီးပြောတယ်။ အစ်မ တကယ်ရိုက်စရာ မလိုဘူးလို့တောင် သူ့ကို ပြန်ပြောယူရတယ်။ ဒီဇာတ်လမ်းတွဲကို ကြည့်ကြည့်ပါ။ တကယ်လည်း ဒီထဲမှာပါဝင်တဲ့ သရုပ်ဆောင်တိုင်းက ဇာတ်အိမ်တွေရှိကြတယ်”လို့ သူက ဆက်ပြောပါတယ်။
အဆိုပါ လောင်ဇာတ်လမ်းတွဲမှာ သရုပ်ဆောင် ညီထွဋ်ခေါင် ၊ တိုင်ရွန် ၊ ရှိန်းတင်ထူး၊ ချောရတနာ ၊ ဖူးစုံ ၊ ထက်ထက်ထွန်း ၊ ဆုအိမ့်စံ ၊ ဩဂတ်စ်မိုးနဲ့အတူ သရုပ်ဆောင်များစွာက ပါဝင်သရုပ်ဆောင်ထားကြလည်း ဖြစ်ပါတယ်။ တိုင်ရွန်ဟာ ဂီတပိုင်းနဲ့ ပတ်သက်ပြီး တေးသီချင်းတွေ ထွက်ရှိထားသလို မထိရ – မကိုင်ရ ရုပ်ရှင်ဇာတ်ကားကြီးလည်း ရွှေထူး ၊ နော်ဖောအယ်ထားတို့နဲ့အတူ ရိုက်ကူးဖို့ ပြင်ဆင်နေသူလည်း ဖြစ်ပါတယ်။