၂. ၉. ၂၀၂၃
Written by Nay Aung
စင်ကာပူအခြေစိုက် United Overseas Bank (UOB) ဘဏ်သည် စက်တင်ဘာ ၁ ရက်နေ့မှစတင်ပြီး မြန်မာနိုင်ငံရှိဘဏ်များနှင့် ဆက်ဆံနေမှုအားလုံးကို ဖြတ်တောက်လိုက်ပြီဖြစ်ကြောင်း စင်ကာပူအခြေစိုက် ချန်နယ်နယူးအေးရှား သတင်းဌာနက ဖော်ပြထားသည်။
အမေရိကန်အပါအဝင် နိုင်ငံတကာအဖွဲ့စည်းများသည် SAC ကို ဘဏ္ဍာရေးနှင့်ပတ်သက်ပြီး ဖိအားပေးမှုများ တိုးမြှင့်လုပ်ဆောင်နေချိန်တွင် စင်ကာပူအခြေစိုက်ဘဏ်က မြန်မာဘဏ်နှင့် ချိတ်ဆက်ဆောင်ရွက်မှုများကို ဖြတ်တောက်လိုက်ခြင်းဖြစ်သည်။ စင်ကာပူအခြေစိုက် UOB ဘဏ်သည် ငွေကြေးလွှဲပြောင်းပေးခြင်း၊ မြန်မာအကောင့်များ၏ ငွေကြေးလက်ခံပေးခြင်းစသော မြန်မာအကောင့်များနှင့်ပတ်သက်ပြီး ဝင်ငွေ၊ ထွက်ငွေအားလုံးကို ကန့်သတ်သွားမည်ဖြစ်ကြောင်း သိရသည်။ယ
ထို့အပြင် မြန်မာနိုင်ငံမှ ငွေကြေးလွှဲပြောင်းရာတွင် အသုံးပြုနေသည့် Visa ကတ်များ၊ Mastercard ကတ်များကိုလည်း ပိတ်ပင်တားဆီးခြင်းများလုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။
စင်ကာပူဘဏ်၏ ဆောင်ရွက်ချက်သည် မြန်မာဘဏ်များနှင့်ချိတ်ဆက်ဆောင်ရွက်မှုများကို များစွာသက်ရောက်မှုဖြစ်လာနိုင်ဖွယ်ရှိနေကြောင်း သိရသည်။ ချန်နယ်နယူးအေးရှားသတင်းဌာနအနေဖြင့် အဆိုပါကိစ္စနှင့်ပတ်သက်ပြီး UOB ဘဏ်ထံ ဆက်သွယ်ခဲ့သော်လည်း ပြန်လည်တုံ့ပြန်ခြင်းမျိုးမရှိကြောင်း သိရသည်။
UOB ဘဏ်သည် မြန်မာလေကြောင်းလိုင်းဖြစ်သော MAI ၏ အကောင့်ငါးခုကိုလည်း မကြာသေးမီက ပိတ်ပင်ခဲ့ပြီးနောက် မြန်မာဘဏ်များနှင့် ချိတ်ဆက်ဆောင်ရွက်မှုများကို ဖြတ်တောက်ခဲ့ခြင်းဖြစ်သည်။ စင်ကာပူအခြေ စိုက် UOB ဘဏ်သည် အမေရိကန်အစိုးရ၏ ဖိအားများကြောင့် မြန်မာဘဏ်များနှင့်အဆက်ဆံဖြတ်တောက်ခဲ့ခြင်းဖြစ်ကြောင်း သတင်းများလည်းထွက်ပေါ်နေသည်။
မြန်မာအစိုးရသည် နိုင်ငံ့စီးပွားရေး ပြန်လည်ကောင်းမွန်စေရန်အတွက် ကြိုးပမ်းလျက်ရှိနေရာ ၂၀၁၄ ခုနှစ်က သတ်မှတ်ခဲ့သော ငွေကြေးလဲလှယ်မှုဆိုင်ရာဥပဒေကို လိုက်နာရန် မကြာသေးမီက သတိပေးခဲ့ကြောင်း သိရသည်။ အဆိုပါဥပဒေတွင် မြန်မာနိုင်ငံသားများကို အမေရိကန်ဒေါ်လာ ၁၀၀၀၀ ထက်ပိုသောငွေကြေးကို ၆ လထက် ကိုင်ဆောင်ထားခြင်းမပြုရန် သတ်မှတ်ထားသလိုမြန်မာနိုင်ငံအတွင်းရှိ နိုင်ငံခြားငွေကြေးလဲလှယ်ပေးသည့်လုပ်ငန်းများမှ စည်းကမ်းမလိုက်နာသောလုပ်ငန်း လိုင်စင်ဒါဇင်ချီကို မကြာသေးမီက ပြန်ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
Ref- — channelnewsasia