October 23, 2024

ကိုရီးယားသို့ထွက်ခွာနေသည့် မြန်မာလုပ်သားများကို တွေ့ရစဥ် (Photo- POEA-EPS)

MT News

Written by Hey Mar

ကိုရီးယားနိုင်ငံမှ ဘဏ်အချို့ မြန်မာနိုင်ငံသားဆိုပါက ဘဏ်စာရင်းအသစ်ဖွင့်ခွင့်မပေးသည့် အခြေအနေ ရှိလာသည်ဟု ကိုရီးယားရောက် မြန်မာအသိုင်းအဝိုင်းမှ MT News သို့ ပြောသည်။

လတ်တလောတွင် စာရင်းသစ် ဖွင့်မပေးသည့် ဘဏ် ၃ ခုအထိ ရှိလာနေပြီး ထပ်တိုးလာနိုင်သည်ဟုလည်း ကိုရီးယားရောက် မြန်မာနိုင်ငံသားအရေးဆောင်ရွက်ပေးနေသည့် Daewon Myanmar and Korea မှ တာဝန်ရှိသူက ဆိုသည်။

အပြည်ပြည်ဆိုင်ရာငွေကြေးခဝါချမှုတိုက်ဖျက်ရေးအဖွဲ့(FATF) က မြန်မာနိုင်ငံအား Blacklist စာရင်းသွင်းပြီးနောက်ပိုင်း ဘဏ်တချို့မှ ယခုကဲ့သို့ လုပ်ဆောင်လာခြင်းဖြစ်ကြောင်းလည်း သိရသည်။

“အစိုးရ ပေါ်လစီတော့မဟုတ်ဘူး။ ဒီက ဘဏ်အကြီးအကဲတွေက သူတို့ဘာသာ ဆုံးဖြတ်ချက် ချပြီး လုပ်ကြတာပါ။ ဒီမှာက ဘဏ်တွေ အများကြီးပါ။ တချို့ဘဏ်တွေဆို မြန်မာလုပ်သား မြန်မာနိုင်ငံသားကို ရွေးပြီး ပရိုမိုးရှင်းဆင်းတာတောင်ရှိပါတယ်။ အခု စာရင်းဖွင့်မပေးတာက Shinhan bank ရယ်။ Worri ရယ် IBK bank ရယ်ပါ။ စာရင်းသစ်ဖွင့်မပေးပေမယ့် စာရင်းဟောင်းရှိပြီးသားတွေက ဆက်သုံးလို့ ရပါတယ်။ ဒါ​ပေမဲ့ Blacklist မို့ စာရင်းဖွင့်မပေးဘူးဆိုတာကတော့ အောက်တာပေါ့” ဟု Daewon Myanmar and Korea မှ တာဝန်ရှိသူက MT News သို့ ပြောသည်။

ဘဏ်စာရင်းဖွင့်ခွင့်မရသည့်အတွက် အလုပ်လာလုပ်သူများ ထူးထူးခြားခြား ထိခိုက်သည့် အခြေအနေမရှိသော်လည်း ကျောင်းသားများအတွက် အခက်အခဲ တချို့ ရှိနိုင်ကြောင်း အဆိုပါတာဝန်ရှိက ဆက်လက်ပြောသည်။

“ဒီလိုပဲ နောက်ဆုံးဘယ်ဘဏ်မှမရလည်း EPS သမားတွေအတွက်က ဟွန်ဒီငွေလွှဲတွေရှိနေသေးတာကြောင့် စိတ်ပူစရာ အဲဒီလောက် မကြီးသေးပါဘူး။ ကျောင်းတက်နေတဲ့ သူတွေကတော့ အနည်းနဲ့အများ အခက်တွေ့ဖွယ်ရှိပါတယ်။ အမြန်ဆုံး ပြန်အဆင်ပြေဖို့ပဲ မျှော်လင့်ရပါတယ်” ဟု ယင်းကဆိုသည်။

လက်ရှိ ကန့်သတ်မှုမှာ အမြဲပိတ်ထားမည့် အခြေအနေမရှိနိုင်ဘဲ အခြေအနေတစ်ခုတွင် ပြန်ဖွင့်ခွင့်ပေးနိုင်ကြောင်းလည်း ကိုရီးယားရောက် မြန်မာအသိုင်းအဝိုင်းက ထင်ကြေးပေးကြသည်။ ဘဏ်ချေးငွေ လျှောက်ထားရာတွင်လည်း အချက်အလက် အပြည့်အစုံဖြင့် လျှောက်ထားသော်မှ ယခင်ကဲ့သို့ မြန်မြန်ဆန်ဆန်ချေးငွေချမပေးတော့ဘဲ မြန်မာဆိုလျှင် အစစ်အဆေး အမေးအမြန်း ပိုမိုများကာ ကြန့်ကြာလာသည်ဟု သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *