၁. ၉. ၂၀၂၃
Written by Nay Aung
မြန်မာ့နိုင်ငံရေး အငြင်းပွားမှုများသည် လက်တွေ့ဖြေရှင်းရန် မလွယ်ကူကြောင်း၊ ခက်ခဲရှုပ်ထွေးသည့်အတွက် အချိန်ယူရမည်ဖြစ်ကြောင်း အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုက ထုတ်ဖော်ပြောဆိုလိုက်သည်ဟု အင်ဒိုနီးရှားအခြေစိုက်သတင်းများတွင် ဖော်ပြထားသည်။
အင်ဒိုနီးရှားအစိုးရအနေဖြင့် လူသားချင်းဆိုင်ရာစာနာမှုအကူအညီပေးရေးရည်ရွယ်ချက်များဖြင့် နစက အပါအဝင် မြန်မာ့နိုင်ငံရေးတွင် ပါဝင်နေသူအားလုံးနှင့် တွေ့ဆုံဆွေးနွေးရန် အဆင့်သင့်ရှိကြောင်း အင်ဒိုနီးရှားသမ္မတက ပြောသည်။ အင်ဒိုနီးရှားနိုင်ငံသည် စက်တင်ဘာ ၅ ရက်မှ ၇ ရက်နေ့အထိ အာဆီယံထိပ်သီးအစည်းအဝေးကို အိမ်ရှင်အဖြစ် လက်ခံကျင်းပမည်ဖြစ်ရာ မြန်မာ့နိုင်ငံရေးအငြင်းပွားမှုများအပြင် ဒေသအတွင်းတည်ငြိမ်ရေးကိစ္စများကို အဓိကထားဆွေးနွေးသွားဖွယ်ရှိနေကြောင်း သိရသည်။
မြန်မာနိုင်ငံ၏ ပြည်တွင်းပဋိပက္ခများသည် အာဆီယံဒေသအတွင်းနှင့် အာဆီယံဒေသပြင်ပ မည်သည့်အဖွဲ့အစည်းကိုမှ အကျိုးကျေးဇူး ရှိစေမည်မဟုတ်ကြောင်း၊ SAC ခေါင်းဆောင်နှင့် အာဆီယံအဖွဲ့ခေါင်းဆောင်များကြား ရရှိထားသော အာဆီယံသဘောတူညီချက်ငါးချက် အကောင်အထည်ဖော်ရေးကို တွန်းအားပေးဆောင်ရွက်မည်ဖြစ်ကြောင်း အင်ဒိုနီးရှားသမ္မတက ပြောသည်။ ထို့ပြင် SAC ခေါင်းဆောင်များသည် အင်ဒိုနီးရှားနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် ၄၂ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးကို တက်ရောက်ခွင့်ရဖွယ်မရှိကြောင်း သိရသည်။
အင်ဒိုနီးရှားသမ္မတက” လူသားဆန်မှုကို အလေးထားတာတွေအပြင် မြန်မာပြည်သူတွေအတွက် စိုးရိမ်မှုများဖြစ်ရတဲ့အတွက် မြန်မာ့နိုင်ငံရေးအငြင်းပွားမှုများကို မကြာမီဖြေရှင်းနိုင်ဖို့ မျှော်လင့်ပါတယ်။ လက်တွေ့မှာတော့ မြန်မာ့နိုင်ငံရေး အငြင်းပွားမှုတွေဟာ ဖြေရှင်းဖို့မလွယ်ကူဘူး။ ခက်ခဲရှုပ်ထွေးတဲ့အတွက်အချိန်ယူရမယ်”ဟုပြောသည်။
အင်ဒိုနီးရှားသည် ၂၀၂၃ ခုနှစ်တွင်အာဆီယံအလှည့်ကျဥက္ကဋ္ဌအဖြစ်တာဝန်ယူပြီးနောက် မြန်မာ့နိုင်ငံရေးအငြင်းပွားမှုများကို ဖြေရှင်းနိုင်ရန်အတွက် ကြားဝင်ဆောင်ရွက်ခဲ့ပြီး မြန်မာနိုင်ငံဆိုင်ရာအာဆီယံဥက္ကဋ္ဌ ၏အထူးကိုယ်စားလှယ်ရုံးက ၉ လအတွင်း နစကနှင့် NUG အပါအဝင် မြန်မာနိုင်ငံရေးတွင်ပါဝင်နေသော အဖွဲ့အစည်းများနှင့် အကြိမ်ပေါင်း ၁၄၅ ကြိမ်ဆွေးနွေးခဲ့ကြောင်း အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ရက်နိုမာဆူဒီက ပြီးခဲ့သောရက်ပိုင်းတွင် ပြောဆိုခဲ့ဖူးသည်။
Ref- — okezone