October 22, 2024

၃၃ ကြိမ်​မြောက် ကပ်လှုပူဇော်ပွဲကျင်းပသည့် မဟာမြတ်မုနိဘုရားကြီး မသိုးမြတ်သင်္ကန်း ရက်လုပ်ပူဇော်ပွဲအခမ်းအနားဖွင့်ပွဲကို တွေ့ရစဥ်

MT News

Written by Naing Thuta

ဗုဒ္ဓဘာသာဝင်များ၏ အစဉ်အလာတစ်ရပ်ဖြစ်သည့် မသိုးမြတ်သင်္ကန်းတော်အား (၃၃) ကြိမ်မြောက်အဖြစ် မန္တလေးမဟာမြတ်မုနိဘုရားကြီးတွင် ရက်လုပ်ပူဇော်ပွဲ ဖွင့်ပွဲအခမ်းအနားအား ယမန်နေ့နံနက်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း ဘုရားကြီးဂေါပကအဖွဲ့ထံမှ သိရသည်။

“ဗုဒ္ဓဘာသာဝင်တွေရဲ့ အစဉ်အလာတစ်ရပ်ဖြစ်တဲ့ မသိုးသင်္ကန်း ရက်လုပ်ပူဇော်ခဲ့တာ ဒီနှစ်နဲ့ဆို နှစ်ပေါင်း ၃၃ နှစ်ရှိသွားပြီ။ နှစ်စဉ်မပျက် ရက်လုပ်နိုင်ခဲ့တဲ့အတွက် ဗုဒ္ဓဘာသာဝင်တစ်ယောက်အနေနဲ့ ကြည်နူးဝမ်းသာဖြစ်ရပါတယ်။ မြင်သူကြားသူတိုင်းကလည်း သာဓုခေါ် အနုမောဒနာပြုကြလိမ့်မယ်လို့ ယုံကြည်မိပါတယ်။ ဘုရားကြီးမှာ နှစ်ပေါင်း ၃၀ ကျော်ကြာတဲ့အထိ လုပ်အားနဲ့ ရက်လုပ်ခွင့်ရခဲ့လို့ ဂုဏ်ယူဝမ်းမြောက်မိပါတယ်”ဟုသဘက်တော်အား စာလုံးဖော် ပူဇော်ပေးသည့် အင်းလေးမှ ယက်ကန်းပညာရှင်တစ်ဦးက ဆိုသည်။

အဆိုပါ မသိုးသင်္ကန်းရက်လုပ်ပူဇော်ပွဲကို ယမန်နေ့နံနက်က မဟာမုနိဘုရားကြီးရင်ပြင်တော်၊ မိုးကောင်းဓမ္မာရုံမဏ္ဍပ်၌ ကျင်းပခဲ့ပြီး အဆိုပါအခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီး ၀န်ကြီးချုပ်နှင့် ဝန်ကြီးများ၊ ယက်ကန်းပညာရှင်များနှင့် စက်ချုပ်ပညာရှင်များ၊ ဝေယျာဝစ္စအဖွဲ့များ၊ ဓမ္မစကြာအသင်းများ စုစုပေါင်း ၁၅၀ ဦးခန့်တက်ရောက်ခဲ့သည်။

၎င်း မသိုးမြတ်သင်္ကန်းတော်ကို တန်ဆောင်မုန်းလဆန်း ၁၄ ရက်(နိုဝင်ဘာ ၆ ရက်) နံနက်ပိုင်းမှ လပြည့်နေ့ (နိုဝင်ဘာ ၇ ရက်) အရုဏ်မတက်မီ ယက်ကန်းပညာရှင်များက နေ့ခြင်းပြီးရက်လုပ်မည်ဖြစ်ပြီး ရက်လုပ်ထားသည့် ဧကရီတော်၊ သင်းပိုင်တော်၊ သဘက်တော်တို့ကို မဟာမြတ်မုနိဘုရားကြီးထံ တန်ဆောင်းမုန်းလပြည့်နေ့ နံနက်အရုဏ်တက်ချိန်တွင် ဆပ်ကပ်ပူဇော်သွားမည်ဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *