October 23, 2024

MT News

Written by Tha Doe

ရန်ကုန်မြို့၊ ရန်ကင်းမြို့နယ်ရှိ သျှရီမဟာလက်ချ်မီး မယ်တော်ကြီးဘုရားကျောင်း၌ ကျင်းပပြုလုပ်သည့် ဟိန္ဒူရိုးရာပွဲတော်များတွင် အထွဋ်မြတ်ဆုံးပွဲတော်တစ်ခုဖြစ်သော ဒီပါဝလီမီးထွန်းပွဲတော်သို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားတွင် SAC ဥက္ကဋ္ဌက ဟိန္ဒူရိုးရာ ဒီပါဝလီ မီးထွန်းပွဲတော်သို့ တက်ရောက်ချီးမြှင့်ခြင်းနှင့်ပတ်သက်၍ ပြောကြားရာတွင် ဒီပါဝလီပွဲတော်ကျင်းပရာ ကာလအနေအားဖြင့် မြန်မာ့ရိုးရာ ရာသီခွင်နှင့်အညီ သီတင်းကျွတ်လကွယ်နေ့ကို သတ်မှတ်ထားသည်ကို သိရှိရပြီး ဒီပါဝလီပွဲတော်သည် ဟိန္ဒူဘာသာဝင်များ အထွဋ်အမြတ်ထားသည့် ပွဲတော်ဖြစ်ကာ ဘာသာရေး၊ ဓမ္မရေးပွဲတော်ဖြစ်သကဲ့သို့ အမျိုးသားရေးပွဲတော်လည်းဖြစ်သည်ကို သိရှိရကြောင်း ပြောသည်။

ထို့ပြင် ဒီပါဝလီပွဲတော်သည် “ကဏှ” ဟုခေါ်သည့် မကောင်းမှုအင်အားစုကို “ကလျာဏ” ဟုခေါ်သည့် ကောင်းမှုအင်အားစုက အနိုင်ရပြီး “အဝိဇ္ဇာ” တည်းဟူသော အသိဉာဏ်ကင်းမဲ့မှုအမှောင်ထုကို ပယ်ခွင်း၍ “ဝိဇ္ဇာ” တည်းဟူသော အသိဉာဏ်အလင်းကို ဆောင်နိုင်ခြင်း၊ “အဓမ္မ”ဟူသည့် မှားယွင်းသည့်သဘော တရားများကို “ဓမ္မ” ဟူသည့် သစ္စာတရားက အနိုင်ယူလိုက်ခြင်းတို့၏ အထိမ်းအမှတ် ဖြစ်သည်ကို သိရှိရသည့်အပြင်

ဒီပါဝလီဟူသည့် စကားလုံး အသုံးအနှုန်းသည် “ဒီပ” နှင့် “အာဝလိ” ဟူသော ပါဠိဘာသာစကားနှစ်ခုကို ပေါင်းစပ်ထားခြင်းဖြစ်ပြီး အဓိပ္ပာယ်အားဖြင့် ဆီမီးအလင်းရောင်များတန်းစီလျက် အဆန်းတကျယ် အသွယ်သွယ် စီချယ်ထွန်းညှိ ပူဇော်ခြင်းဟု အဓိပ္ပာယ်ရသည်ကို လေ့လာမှတ်သားရကြောင်း ​ပြောသည်။

ဒီပါဝလီပွဲတော်၏ နောက်ခံသမိုင်းကြောင်းအနေဖြင့် ရာမမင်းမြတ်သည် ရာဝဏဟုခေါ်သည့် ဒဿဂီရိမင်းအား နှိမ်နှင်းပြီးနောက် စစ်ပွဲမှန်သမျှ မည်သည့်အခါမှ အရှုံးမရှိသည့် အယုဒ္ဓယ နေပြည်တော်သို့ ပြန်လည်ဝင်ရောက်လာသည့် အချိန်အခါသမယသည် သီတင်းကျွတ်လကွယ် မှောင်မိုက်နေသော ညအချိန်အခါဖြစ်၍ ဆီမီးများထွန်းညှိကာ ရာမမင်းမြတ်ကို ဆီမီးအလင်းရောင်ဖြင့် ကြိုဆိုပူဇော်ကြရာမှ ဒီပါဝလီပွဲတော်ကို စတင်ခဲ့သည်ဟု လေ့လာသိရှိရကြောင်းနှင့်သီတင်းကျွတ်လနှင့် တန်ဆောင်မုန်းလအတွင်း၌ မြန်မာဗုဒ္ဓဘာသာဝင်တို့၏ မီးထွန်းပွဲတော်နှင့် ဟိန္ဒူဘာသာဝင်တို့၏ နက္ခတ်သဘင် ဆီးမီးထွန်းညှိပူဇော်မှု အစဉ်အလာများသည် အဖြစ်အပျက်အကြောင်းခံ ရည်ရွယ်ချက် မတူညီကြသော်လည်း ဆီမီးထွန်းပွဲတော်ကျင်းပမှု တူညီနေသည်ကို တွေ့ရှိနိုင်ကြောင်း ပြောကြားသည်။

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း (၈)၊ ပုဒ်မ-၃၆၂ တွင် “နိုင်ငံတော်သည် ခရစ်ယာန် ဘာသာသာသနာ၊ အစ္စလာမ်ဘာသာ သာသနာ၊ ဟိန္ဒူဘာသာ သာသနာနှင့် နတ်ကိုးကွယ်သော ဘာသာတို့ကို ကိုးကွယ်ရာဘာသာ သာသနာများ” ဟူ၍ အသိအမှတ်ပြု ပြဋ္ဌာန်းထားသည့်အပြင် ပုဒ်မ-၃၆၃ တွင်လည်း “နိုင်ငံတော်က အသိအမှတ်ပြုထားသော ဘာသာ သာသနာများကို တတ်နိုင်သမျှ ကူညီစောင့်ရှောက်ရမည်”ဟုလည်း ထပ်မံပြဋ္ဌာန်းထားသည်။

ထို့ကြောင့် ကိုးကွယ်ယုံကြည်မှုဆိုင်ရာ အဓိကဘာသာကြီး လေးဘာသာရှိသည့်အနက် ဘာသာအသီးသီးတို့၏ ဘာသာရေးအခမ်းအနားများ ဆောင်ရွက်ကြရာတွင် နိုင်ငံတော်အစိုးရအနေဖြင့် လိုအပ်သည့် အကူအညီ အထောက်အပံ့များ ပေးအပ်လျက် ရှိသကဲ့သို့ ဆိုင်ရာဆိုင်ရာ အခမ်းအနားများကိုလည်း နိုင်ငံတော်အကြီးအကဲများနှင့် ပြည်ထောင်စုဝန်ကြီးများက တက်ရောက်၍ အားပေးချီးမြှင့်လျက်ရှိသည်။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တွင် ယုံကြည်ကိုးကွယ်မှု ဘာသာတရားနှင့် ပတ်သက်ပြီး လွတ်လပ်စွာယုံကြည်ကိုးကွယ်နိုင်ကြပါကြောင်း၊ ဟိန္ဒူဘာသာသာသနာ အပါအဝင် အခြားဘာသာကြီးများကို နိုင်ငံတော်က အသိအမှတ်ပြုပြီး တတ်နိုင်သမျှ ကူညီစောင့်ရှောက်ပေးလျက်ရှိသည့်အတွက် ဘာသာဝင်တိုင်းသည် မိမိတို့ကိုးကွယ်ရာ ဘာသာတရားအလျောက် ကျင်းပကြသည့် ဘာသာရေးပွဲတော်များကို အနှစ်သာရရှိရှိ ကျင်းပပြုလုပ်နိုင်ခြင်းသည် ကောင်းမြတ်သည့် အစဉ်အလာဖြစ်ပါကြောင်းလည်း SAC ဥက္ကဋ္ဌက ပြောကြားသည်။

Leave a Reply

Your email address will not be published. Required fields are marked *