October 30, 2024

MT News

Written by Pan Ei

အိန္ဒိယနိုင်ငံမြို့တော် နယူးဒေလီ၏ လေထုအရည်အသွေးသည် သတ်မှတ်အညွှန်းထက် ၄၇၀ ကျော်လွန်ခဲ့သောကြောင့် အာဏာပိုင်များသည် မူလတန်းကျောင်းများကို စနေနေ့မှ စတင်ပိတ်ရန် အမိန့်ပေးခဲ့ပြီး သက်ကြီးရွယ်အိုနှင့် ကလေးများကို အိမ်အပြင်သို့ အတတ်နိုင်ဆုံးမထွက်ရန်၊ စက်ရုံများ နှင့် ဆောက်လုပ်ရေး လုပ်ငန်းခွင်များကိုလည်း ပိတ်ထားရန်၊ ဒီဇယ်ဆီဖြင့် မောင်းနှင်သောယာဉ်များကို ကန့်သတ်ခြင်းများပြုလုပ်ရန် မှာကြားခဲ့သည်။

နယူးဒေလီမြို့ပေါ်တွင်ဖုံးလွှမ်းနေသော မြူမှုန်များနှင့် မီးခိုးများကိုထိန်းချုပ်ရန် ရေဖြန်းစက်များနှင့် မီးခိုးမြူကာကွယ်ရေးကိရိယာများကို မြို့တော်နယ်နိမိတ်အတွင်း တပ်ဆင်ထားသည်။

လယ်သမားများ၏ ကောက်ပဲသီးနှံအမှိူက်များကို မီးရှို့ ရာမှ ထွက်ရှိလာသော မီးခိုးများ၊ မော်တော်ယာဉ်အိတ်ဇောပိုက်များနှင့် စက်ရုံများမှ ထုတ်လွှတ်လိုက်သော မီးခိုးငွေ့များသည် ဆောင်းရာသီတိုင်းတွင် ပေါင်းစပ်ကာ လူသန်းပေါင်း ၂၀ ရှိသော မြို့ကို ကြီးမားသော မီးခိုးမြူများ ဖုံးလွှမ်းသွားစေသည်။ ဆောင်းရာသီတိုင်း မြို့တော်ပေါ်တွင် ညစ်ညမ်းသောမီးခိုးများ ဖြစ်ပေါ်လာသည့်အတွက် နယူးဒေလီ မြို့တွင် အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများ တိုးများလာခဲ့သည်။

နယူးဒေလီရှိ လေထုအရည်အသွေးသည် သီတင်းပတ်ကုန်တွင် “ပြင်းထန်သော” သို့မဟုတ် “အလွန်ပြင်းထန်သော” အနေအထားတွင် ဆက်လက်တည်ရှိနိုင်ဖွယ်ရှိသည်။

အိန္ဒိယနိုင်ငံ၏ သဘာဝပတ်ဝန်းကျင်ဝန်ကြီး Bhupender Yadav ကလည်း ဆောင်းစပါးကြဲရာသီအစတွင် ကောက်ပဲသီးနှံအကြွင်းအကျန်များကို မီးရှို့ခြင်းအား ရပ်တန့်ရန် ပျက်ကွက်ခဲ့ခြင်းအတွက် အတိုက်အခံ Aam Admi ပါတီမှအုပ်ချုပ်နေသော မြောက်ပိုင်းပန်ဂျပ်ပြည်နယ်အား အပြစ်တင်ခဲ့သည်။

“ဒေလီကို ဓာတ်ငွေ့ခန်းအဖြစ် ဘယ်သူက ပြောင်းလဲပေးခဲ့တယ်ဆိုတာ သံသယဖြစ်စရာမရှိပါဘူး” ဟု Mr Yadav က ဗုဒ္ဓဟူးနေ့တွင် တွစ်တာ၌ ရေးသားခဲ့သည်။

နယူးဒေလီဝန်ကြီးချုပ် Arvind Kejriwal ကလည်း မူလတန်းကျောင်းများ ကို ” လေထုညစ်ညမ်းမှု အခြေအနေပိုမိုကောင်းမွန်လာသည်အထိ စနေနေ့မှ စ၍ ပိတ်ထားမည်၊ မည်သည့်ကလေးမှ မခံစားသင့်ပါ ” ဟု သတင်းထောက်များကို ပြောကြားခဲ့သည်။

နယူးဒေလီမြို့သည် ကမ္ဘာ့ပေါ်တွင် လေထုအညစ်ညမ်းဆုံး မြို့များထဲမှ တစ်မြို့အဖြစ် မကြာခဏ သတ်မှတ်ခံရလေ့ရှိသည်။ သောကြာနေ့တွင် IQAir ၏ လေထုအရည်အသွေးအဆိုးရွားဆုံး မြို့ကြီးများစာရင်းတွင် ထိပ်ဆုံးမှ ပါဝင်ခဲ့သည်။

၂၀၂၀ ပြည့်နှစ် Lancet လေ့လာမှုတစ်ခုအရ အိန္ဒိယနိုင်ငံတွင် လေထုညစ်ညမ်းမှုကြောင့် သေဆုံးသူ ၁ ဒသမ ၆၇ သန်းရှိခဲ့ပြီး မြို့တော်တွင်သေဆုံးမှုမှာ ၁၇၅၀၀ နီးပါး အပါအဝင် ဖြစ်သည်။

Ref; SBS News, ABC News

Leave a Reply

Your email address will not be published. Required fields are marked *