၃၀. ၈. ၂၀၂၃
Written by Nay Aung
မလေးရှားတရားရုံးချုပ်သည် မလေးရှားနိုင်ငံတွင် လွန်ခဲ့သော ၄ နှစ်ကဖြစ်ပွားခဲ့သည့် မြန်မာနိုင်ငံသားတစ်ဦး အသတ်ခံရမှုနှင့်ပတ်သက်ပြီး ဖမ်းဆီးထိန်းသိမ်းထားသော အခြားမြန်မာနိုင်ငံသား ၄ ဦးကို သြဂုတ် ၂၉ ရက်နေ့တွင် တရားသေပြန်လွှတ်ပေးခဲ့ကြောင်း မလေးရှားအခြေစိုက်သတင်းများက ဖော်ပြထားသည်။
မလေးရှားအစိုးရရှေ့နေသည် မြန်မာနိုင်ငံသားလေးဦးက လူသတ်မှုကျူးလွန်ခဲ့သည်ဆိုသော ခိုင်လုံသော သက်သေမပြနိုင်ခဲ့ခြင်းကြောင့် တရားသူကြီးတရားသူကြီး K. Muniandy က မြန်မာနိုင်ငံသားလေးဦးကို ပြန်လွှတ်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံသားများဖြစ်သော ခိုင်လင်းမောင်၊ ခိုင်ဇာမောင်၊ ထွန်းဇံမောင်နှင့် Pau Deih Lian ဆိုသူတို့သည် ၂၀၁၉ ခုနှစ်တွင် လူသတ်မှုကျူးလွန်ခဲ့ကြောင်း စွဲချက်တင်ခံရသော်လည်း လက်ရှိအချိန်တွင် တရားသေပြန်လွှတ်ပေးခံခဲ့ရကြောင်း သိရသည်။
အသက် ၃၀ နှင့် ၄၀ နှစ်အရွယ်ကြားရှိ မြန်မာနိုင်ငံသားလေးဦးသည် ၂၀၁၉ ခုနှစ် နိုဝင်ဘာ ၁၈ ရက် နံနက်ပိုင်းက Dang Wangi ဒေသရှိ ကော်ဖီဆိုင်တွင် အလုပ်လုပ်နေသည့် ကာဝမ်ဆိုသူကို ရည်ရွယ်ချက်ရှိရှိဖြင့် သတ်ခဲ့သည်ဟု စွပ်စွဲခံရကာဖမ်းဆီးစစ်ဆေးခံခဲ့ရကြောင်း သိရသည်။
မျက်မြင်သက်သေကို စစ်ဆေးချိန်တွင်လည်း မြန်မာနိုင်ငံသားလေးဦးက လူသတ်မှုကျူးလွန်သည်ဆိုသော ခိုင်လုံသောထွက်ဆိုမှုများ လုပ်ဆောင်နိုင်ခဲ့ခြင်းမရှိခဲ့ကြောင်း မလေးရှားတရားသူကြီးက ပြောသည်။
တရားသူကြီးK. Muniandy က” ရောဂါဗေဒပညာရှင်ကတော့ သေဆုံးသူဟာ ပြင်းထန်တဲ့ဒဏ်ရာကြောင့် သေဆုံးခဲ့တယ်လို့ အတည်ပြုပေးထားတယ်။ ဒါပေမယ့် လူသတ်မှုကျူးလွန်သူများအဖြစ်စွပ်စွဲခံရတဲ့ မြန်မာနိုင်ငံသား ၄ ဦးဟာ လက်နက်များ ကိုင်ဆောင်ထားတယ်ဆိုတဲ့ သက်သေမျိုးလည်း မပြသနိုင်ကြဘူး။ ဒါကြောင့် မြန်မာနိုင်ငံသားလေးဦးကို တရားသေ အမှုကနေ လွတ်ပေးဖို့ဆုံးဖြတ်ခဲ့တာဖြစ်တယ်” ဟု ပြောသည်။
မလေးရှားတရားရုံးသည် အဆိုအမှုကို ဖေဖော်ဝါရီ ၂၈ ရက်နေ့တွင် စတင်စစ်ဆေးခဲ့ပြီး အစိုးရရှေ့နေများက တင်သွင်းသော မျက်မြင်သက်သေ ၁၁ ဦးကိုလည်း စစ်ဆေးမေးမြန်းခဲ့ကြောင်း သိရသည်။
Ref- — thesundaily