၅. ၁၁. ၂၀၂၂
Written by Nay Moe
ကရင်နီပြည်နယ်အတွက် အထူးငွေတိုက်စာချုပ်များ စက်တင်ဘာလက စတင်ရောင်းချရာ ဝယ်ယူသူ အင်မတန်နည်းပါးနေသည်ဟု We Land Karenni Land-Malaysia အဖွဲ့မှ သိရသည်။
NUG Bond for Karenni ရောင်းချပေးနေသည်ဟု United Bonds NUG က နိုဝင်ဘာ ၅ ရက်တွင် သတင်းထပ်မံထုတ်ပြန်လာခဲ့ပြီး အဆိုပါ Bond များ ရောင်းချရမှုရငွေကို ကရင်နီတော်လှန်ရေးအတွက် အသုံးပြုမည်ဟုလည်း ဆိုသည်။
“ကရင်နီ တော်လှန်ရေးတပ်ဖွဲ့များကို ထောက်ပံ့ပေးနိုင်တဲ့ နည်းလမ်းတွေထဲမှာ Bond – ဘွန်း ဝယ်ယူပေးခြင်းကလည်း အထောက်အပံ့ဖြစ်စေတဲ့ နည်းလမ်းကောင်းတစ်ခုပဲ ဖြစ်ပါတယ်။ ဒါကြောင့်လည်း NUG အစိုးရအနေနဲ့ NUG Bond for Karenni ကို ရောင်းချပေးနိုင်ဖို့အတွက် စီစဉ်ပေးခဲ့ပြီး Bond for Karenni ရောင်းချလို့ ရရှိလာတဲ့ ငွေကြေးအားလုံးကို ကရင်နီတော်လှန်ရေးအင်အားစုများရဲ့ စစ်ဖက်ဆိုင်ရာကိစ္စရပ်များအတွက် သီးသန့်အသုံးပြုသွားစေမှာဖြစ်ကာ တော်လှန်ရေးပြီးဆုံးသွားချိန်မှာတော့ အဆိုပါ Bond ရောင်းရငွေများကို NUG အစိုးရကနေ တာဝန်ယူပြီး ပြန်လည်ထုတ်ပေးသွားမှာ ဖြစ်ပါတယ်” ဟု United Bonds NUG က ဆိုသည်။
NUG ၏ Bond for Karenni အတွက် Bond တစ်စောင်လျှင် ဒေါ်လာ ၁၀၀ မှ ၁၀၀၀၀ အထိ သတ်မှတ်ထားပြီး ဝယ်ယူသူများအနေဖြင့် NUG ၏ အရောင်းကိုယ်စားလှယ်များထံ မလေးရှားရင်းဂစ်ဖြင့် ပေးချေရမည်ဖြစ်သည်။ ငွေပေးချေပြီးနောက် ၁၄ ရက်အကြာတွင် အဆိုပါ NUG Karenni Bond များကို ဝယ်ယူတန်ဖိုးအတိုင်း email ဖြင့် ပေးပို့မည်ဖြစ်သည်။
“ပြီးခဲ့တဲ့ စက်တင်ဘာကနေ ဒီဇင်ဘာအတွင်းရောင်းမဲ့ ဒီ NUG Bond for Karenni ငွေတိုက်စာချုပ်ဝယ်ယူမှုကတော့ အင်မတန့်အင်မတန်ကို နည်းပါးနေပါတယ်” ဟု အဆိုပါ Bond များနှင့်ပတ်သက်ပြီး ရှင်းလင်းပြောသူ We Love Karenni Land-Malaysia မှ မအန်းနီက ပြောသည်။