၃၀. ၈. ၂၀၂၃
Written by Nay Aung
ဆန်များသိုလှောင်ပြီး ဆန်ဈေးကစားလိုသူများရှိနေသည့် အတွက် ပြည်တွင်းဆန်ဈေးကွက်တွင် ဈေးနှုန်းများ သိသိသာသာမြင့်တက်နေခြင်းကြောင့် ဆန်ဈေးနှုန်းတည်ငြိမ်ရန် ကြိုးပမ်းနေရကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်(MRF) တာဝန်ရှိသူတစ်ဦးကထုတ်ဖော်ပြောဆိုလိုက်သည်။
မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ဥက္ကဋ္ဌဖြစ်သူဦးရဲမင်းအောင်က “သတင်းအမှားတွေအပြင် လျှပ်စစ်မီး လုံလောက်စွာမရတာက ဆန်ဈေးနှုန်းမြင့်တက်နေရတာမျိုးဖြစ်တယ်။ ဒါ့အပြင် ဆန်တွေကို သိုလှောင်ပြီး ဈေးကို ခြယ်လှယ်လိုသူတွေလည်းရှိနေတယ်”ဟုပြောသည်။
ဆန်ဈေးနှုန်း ပိုမိုမြင့်တက်လာခြင်းကြောင့် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်အနေဖြင့် ဆန်ဈေးကွက်အခြေအနေတည်ငြိမ်ရန် အရန်ဆန်များကို သင့်တော်သည့်ဈေးနှုန်းမျိုးဖြင့် ထုတ်ရောင်းချရမှုများရှိနေကြောင်း သိရသည်။ ဆန်ဈေးကွက်အတွင်းတွင် အလေးချိန် ၁၀၈ ပေါင်ရှိ ရွှေဘိုပေါ်ဆန်းတစ်အိတ်ကို မြန်မာကျပ်ငွေ ၁၅၀၀၀၀(အမေရိကန်ဒေါ်လာ ၇၁ ဒသမ ၄၂ဒေါ်လာ- (ရွှေဘိုပေါ်ဆန်းထိပ်စဆိုပါက ယခု ၁၇၀၀၀၀ ကျော်))ကျော်ပေါက်ဈေးရှိနေကြောင်း၊ ထို့အပြင် အလေးချိန် ၁၀၈ ပေါင်ရှိ ဧရာဝတီပေါ်ဆန်း တစ်အိတ်ကို မြန်မာကျပ်ငွေ ၁၁၀၀၀၀(အမေရိကန်ဒေါ်လာ ၅၂ ဒသမ ၃၈ဒေါ် လာ)ပေါက်ဈေးရှိနေသည်။
မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် ဥက္ကဋ္ဌဦးရဲမင်းအောင်က ၎င်းတို့အနေဖြင့် သြဂုတ် ၂၅ ရက်နေ့အထိ အရန်ဆန် အိတ်ပေါင်း ၃ သိန်းကျော် ထုတ်ရောင်းပေးထားပြီး ပြည်နယ်နှင့်တိုင်းဒေသကြီးများတွင်လည်း အရန်ဆန်များ ဆက်လက်ရောင်းချပေးသွားမည်ဖြစ်ကြောင်း ပြောသည်။ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်အနေဖြင့် လက်ရှိအချိန်တွင် ဆန်ဈေးနှုန်းမြင့်တက်နေခြင်းကို ထိန်းချုပ်နိုင်ရန်ကြိုးပမ်းလျက်ရှိနေပြီး ပြည်ပသို့ဆန်တင်ပို့နေသော ကုမ္ပဏီများ၊ ဆန်စက်များ၊ ဆန်ကုန်သည်များအပါအဝင် ဆက်စပ်အသင်းအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်ပြီး စားသုံးသူများကို မျှတသော ဆန်ဈေးနှုန်းမျိုးဖြင့်ဝယ်ယူခွင့်ရရန် ကြိုးပမ်းနေကြောင်း ဦးရဲမင်းအောင်က ပြောသည်။
မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်အသင်းက ပြည်သူများအနေဖြင့် ဆန်များကို သိုလှောင်ထားခြင်းများ ရှောင်ရှားရန်နှင့်လိုအပ်ချိန်မှသာ ဝယ်ယူရန် တိုက်တွန်းတောင်းဆိုထားကြောင်း သိရသည်။
Ref- china.org