၂၉.၈.၂၀၂၃
Written by Hey Mar
ရန်ကုန်မြို့အတွင်းက ဖမ်းဆီးရမိထားတဲ့မြွေတွေနဲ့ ဘုရားစေတီ၊ ဘုန်းတော်ကြီးကျောင်းတွေကနေ ပြန်လည်လှူဒါန်းထားတဲ့ မြွေတွေကို ပရဟိတ အသင်းအဖွဲ့တွေစုပေါင်းပြီး သြဂုတ် ၂၉ ရက်နေ့မှာ ရိုးမတောတွင်းတစ်နေရာကို သဘာဝအတိုင်းနေထိုင်နိုင်ဖို့ ဘေးမဲ့လွှတ်ပေးခဲ့တယ်လို့ သိရပါတယ်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း ဆိတ်ငြိမ်ရပ်ကွက်နဲ့ ဆင်ခြေဖုံးမြို့သစ်မြို့နယ်တွေမှာ ၂၀၁၇ ခုနှစ်ဝန်းကျင်ကစပြီး မြေဖမ်းဆီးရမိမှုတွေ ခပ်စိပ်စိပ်တွေ့မြင်ကြားသိလာရသလို မြွေတွေ့ရင် အရင်လို သတ်ဖြတ်တာမျိုးမလုပ်တော့ဘဲ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ အပါအဝင်ပရဟိတအဖွဲ့တွေကိုဖမ်းဆီးပေးဖို့ အကူအညီတောင်းလာကြတာလည်း တွေ့ရပါတယ်။
အများဆုံး ဖမ်းဆီးရမိတဲ့ မြွေအမျိုးအစားတွေက စပါးအုံး၊ စပါးကြီးအမျိုးအစားတွေဖြစ်ပြီး လင်းမြွေ၊ ရေမြွေကြားနဲ့ ငန်းစောင်းတွေလည်း ရံဖန်ရံခါတွေ့ရတယ်လို့ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ဝင်ဟောင်းလည်းဖြစ်ပြီး မြွေနဲ့ပတ်သတ်လို့ လေ့လာနေသူ ကိုတိုးအောင်က ဆိုပါတယ်။
“အခု သွားလွှတ်ခဲ့တာ မြွေအကောင်ရေ ၅၇ ကောင်မှာ အဆိပ်ပျော့ရှိတဲ့ ရေမြွေကြားတစ်ကောင်၊ လင်းမြွေတစ်ကောင်၊ ငန်းစောင်းနဲ့ စပါးကြီးမြွေ တစ်ကောင်ပါပါတယ်။ ကျန်တာက စပါးအုံးမြွေတွေပါ။ မြွေတွေကို ဖမ်းမိတဲ့နေရာကနေ ကိုက် ၅၀၀ ပတ်ဝန်းကျင်မဟုတ်ဘဲ အခုလို ဘေးမဲ့တောတွင်းတစ်နေရာကို ပြန်လွှတ်မယ်ဆိုရင် ရှင်သန်နိုင်ခြေနည်းတယ်ဆိုပေမယ့် အခုလွှတ်တာက မြွေနဲ့ပတ်သက်လို့ နားလည်တတ်ကျွမ်းတဲ့ ဆရာတွေ၊ တိရစ္ဆာန်ဆေးကုဆရာဝန်တွေရဲ့ ညွှန်ကြား ချက်နဲ့ စနစ်တကျ လွှတ်သင့်တဲ့အကောင်ကိုပဲ လွှတ်တာပါ။ လွှတ်ဖို့ မသင့်ဘူး။ ချန်ထားရမယ်လို့ ဆုံးဖြတ်တဲ့အကောင်တွေလည်း Recuse Center မှာ ချန်ထားပါတယ်” လို့ ကိုတိုးအောင်က ပြောပါတယ်။
တချို့မြွေတွေမှာ အဆီတွေများနေတဲ့အတွက် အဆီချပေးတာ၊ သဘာဝနဲ့ မနီးစပ်ဘဲ လူကမွေးမြူထားတဲ့မြွေတွေဆိုရင်လည်း တောရိုင်းသဘာဝအတိုင်း အစာကောက်တတ်၊ အမဲလိုက်တတ်အောင် ပြန်လည်လေ့ကျင့်ပျိုးထောင်တာတွေကို ၅ လဝန်းကျင် အချိန်ယူဆောင်ရွက်ခဲ့ရတဲ့ မြွေတွေလည်း ရှိတယ်လို့ သိရပါတယ်။
အခုလို ပရဟိတအဖွဲ့တွေ စုပေါင်းပြီး မြွေတွေကိုဘေးမဲ့လွှတ်ပေးခဲ့တာ ၅ နှစ်အတွင်း ၁၂ ကြိမ်ရှိပြီဖြစ်ကာ မြွေအကောင်ရေ ၈၀၀ ဝန်းကျင် လွှတ်ပေးခဲ့ပြီးပြီလို့ သိရပါတယ်။ ဒီနေ့ ဘေးမဲ့သွားရောက်လွှတ်ပေးခဲ့တဲ့ ခရီးစဥ်မှာတော့ ရွှေမေတ္တာ၊ ရွှေရုပ်လွှာ၊ မြန်မာ့ကြယ်ဖြူ ပရဟိတအသင်းတွေက ဦးဆောင်ပြီး လှည်းကူးငမိုးရိပ်ဆည်ရဲ့ တောတွင်းတစ်နေရာမှာ မြန်မာ့သစ်တောအာဏာပိုင်အဖွဲ့ရဲ့ လမ်းညွှန်မှုနဲ့ စနစ်တကျ လွှတ်ပေးခဲ့တယ်လို့ သိရပါတယ်။ (ဓာတ်ပုံ-ကိုတိုးအောင်)