၂၉. ၈. ၂၀၂၃
Written by Hey Mar
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့ရှိ ဇော်ဂျီမြစ်အတွင်းမှာ အသက် ၂၄ နှစ်အရွယ် အမျိုးသားတစ်ဦး ရေဆင်းချိုးရာကနေ ရေနစ်သေဆုံးခဲ့တဲ့ဖြစ်စဥ် ဒီနေ့ သြဂုတ် ၂၉ ရက် နေ့လည် ၁၂ နာရီဝန်းကျင်က ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
ကျောက်ဆည်မြို့၊ ပေါက်တောရပ်ကွက် – ဇော်ဂျီမြစ်အတွင်း မြစ်ရေကျချိန်နဲ့ တိုက်ဆိုင်နေချိန်ဖြစ်တာကြောင့် ရေဆွဲအားလည်း ရှိနေပြီး အခုလိုရေနစ်တဲ့ ဖြစ်စဥ်မျိုး ဖြစ်လေ့ဖြစ်ထရှိကြောင်း သွားရောက်ကူညီရှာဖွေခဲ့တဲ့ မြန်မာနိုင်ငံလူမှုကူညီကယ်ဆယ်ရေးအဖွဲ့ (ကျောက်ဆည်)ထံကနေ သိရပါတယ်။
“အဲ့ဒီ့နေရာက ရေချိုးဆိပ်ပါ။ အခု နစ်တဲ့အမျိုးသားက ဒေသခံတော့ မဟုတ်ဘူး။ သူက ငါန်းဇွန်ဘက်ကနေ ဒီမှာ အလုပ်လာလုပ်တာလို့ပဲသိရတယ်။ ရေနစ်တော့ ရေချိုးဆိပ်မှာ အဝတ်လျှော်နေတဲ့ သူတွေလည်းရှိလို့ ချက်ချင်းမြင်ပြီး အကူအညီပေးကြပေမယ့် မြှုပ်သွားလို့ ကျွန်တော်တို့ ကျောက်ဆည် Recuse ကို လှမ်းအကြောင်းကြားကြတယ်။ ချက်ချင်း သွား ရောက်ပြီးရှာဖွေပေးခဲ့ပါတယ်။ မိနစ်ပိုင်းအတွင်း ရုပ်အလောင်း ပြန်တွေ့တယ်”လို့ အဆိုပါလူမှုကူညီရေးအသင်းက ပြောပါတယ်။
ရှာဖွေချိန် ၂၅ မိနစ်ဝန်းကျင်သာကြာမြင့်ခဲ့ပြီး ရုပ်အလောင်း ရေငုပ်ရှာဖွေမှု လုပ်ငန်းစဉ်မှာ မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ (ချမ်းမြသာစည်မြို့နယ်ရုံး-ရေငုပ်အဖွဲ့)နဲ့ မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ (ကျောက်ဆည်မြို့နယ်ရုံး)တို့က ပူးပေါင်းရှာဖွေပေးခဲ့ပြီး သေဆုံးသူ ရုပ်အလောင်းကို ကျောက်ဆည်မြို့နယ် ပြည်သူ့ဆေးရုံ ရင်ခွဲရုံကို ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။