MT News
Written by Thettant
၂၀၂၂ ခုနှစ် ကိုးလတာအတွင်း မီးလောင်မှု ၁၁၈၉ ကြိမ်ဖြစ်ပွားပြီး လူ ၈၁၁၈ ဦး အိုးအိမ်မဲ့ခဲ့ရကာ ပြည်သူ ၇၄ ဦးသေဆုံးခဲ့ကြောင်း မီးသတ်ဦးစီးဌာနမှ သိရသည်။
၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလမှ စက်တင်ဘာလအထိ ကိုးလတာကာလအတွင်း မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် မီးအမျိုးအစားအလိုက် မီးဖိုမီး ၉ လတာ ၁၈၅ ကြိမ်၊ ပေါ့ဆမီး ၃၁၅ ကြိမ်၊ အလိုအလျောက်မီး ၁၇ ကြိမ်၊ လျှပ်စစ်မီး ၃၅၈ ကြိမ်၊ မသမာသူရှို့မီး ၁၈၅ ကြိမ်၊ တောမီး ၄၄ ကြိမ်၊ သောင်းကျန်းသူရှို့မီး ၇၅ ကြိမ်၊ မိုးကြိုးပစ် ၇ ကြိမ်၊ စုံစမ်းဆဲ ၃ ကြိမ် စုစုပေါင်း ၁၁၈၉ ကြိမ် ဖြစ်ပွားခဲ့သည်။ အိမ်ခြေအဆောက်အဦ ၃၁၆၃ လုံးတွင် စက်ရုံ/အလုပ်ရုံ ၈ လုံးနှင့် ဂိုဒေါင် ၂၈၄ လုံး မီးလောင်ခံခဲ့ရပြီး မီးဘေးသင့်ပြည်သူ ၈,၁၁၈ ဦး အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ပါသည်။ မီးလောင်မှုကြောင့် လူ ၇၄ ဦးသေဆုံး၊ ၁ဝ၄ ဦးဒဏ်ရာရရှိကာ တိရစ္ဆာန် ၈,၂၃၅ ကောင် သေဆုံးပြီး ငွေကျပ် ၅၄၂၃ ဒသမ ၅၉၁သန်း ခန့် ဆုံးရှုံးခဲ့ရသည်။
မီးလောင်မှုများတွင် “မီးဖိုမီး၊ လျှပ်စစ်မီး၊ ပေါ့ဆမီး”များသည် အများဆုံး တွေ့ရှိရသော အချက်များဖြစ်သည့်အတွက် မီးဖိုမီးကြောင့်ဖြစ်ပွားတတ်သော မီးလောင်မှုများမဖြစ်ပေါ်စေရေး မီးဖိုအနီးလူစောင့်ထားရှိခြင်း၊ လောင်စာဆီများမထားကြရန်နှင့် အိုမင်းမစွမ်းသူများ၊ ကလေးငယ်များအားမီးမွှေးခြင်း၊ ထမင်းချက်ခြင်း၊ ရေနွေးကျိုခြင်းများ မပြုလုပ်ခိုင်းခြင်း၊ မီးဖိုနံဘေးနှင့် အမိုး/ နံရံအကြား လုံလောက်သောအပူခံအကာအရံများထားရှိစေခြင်းဖြင့် မီးလောင်မှုမှ ကင်းဝေးစေမည်ဖြစ်သည်။
မီးလောင်မှုမဖြစ်ပွားအောင် ကြိုတင်ကာကွယ်ရေး အတွက် မိမိတို့အိမ်တိုင်းတွင် ကနဦးလုပ်ဆောင်ရန်အနေဖြင့် နှစ်ကာလ ရှည်ကြာ၍ ဟောင်းနွမ်းဆွေးမြည့်နေသည့် လျှပ်စစ်ဝါယာကြိုးများ လဲလှယ်ထားခြင်း၊ လျှပ်စစ်ဒဏ်ခံကြိုး(Fuse)များကို ဝန်နှင့်အား မျှတအောင် သုံးစွဲခြင်း၊ လျှပ်စစ်မီးဖို၊ မီးပူများသုံးစွဲပြီးလျှင်(သို့မဟုတ်)လျှပ်စစ်မီးပျက်လျင် မီးခလုတ်ပိတ်ပြီး ပလပ်ခေါင်းဖြုတ်ထားခြင်း၊ လျှပ်စစ်ဝါယာရှော့ဖြစ်လျှင် ပင်မ(မိန်း)ခလုတ်ပိတ်ပြီး ခြောက်သွေ့ သော အဝတ်၊ ပိတ်စတို့ဖြင့် ရိုက်ပုတ် ငြှိမ်းသတ်ခြင်း၊ ချွတ်ယွင်းနေသော လျှပ်စစ်ပစ္စည်းကိရိယာများ အသုံးမပြုကြရန် လိုအပ်မည်ဖြစ်သည်။
၂ဝ၂၂ ခုနှစ်၊ စက်တင်ဘာလအတွင်း နိုင်ငံတော်တစ်ဝန်းလုံးတွင် မီးလောင်မှု ၆ဝ ကြိမ်ဖြစ်ပွားခဲ့ပြီး မီးအမျိုးအစားအလိုက် မီးဖိုမီး ၇ ကြိမ်၊ ပေါ့ဆမီး ၁၈ ကြိမ်၊ လျှပ်စစ်မီး ၂၂ ကြိမ်၊ မသမာသူရှို့မီး ၉ ကြိမ်၊ သောင်းကျန်းသူရှို့မီး ၃ ကြိမ်၊ မိုးကြိုးပစ် ၁ ကြိမ်ဖြစ်သည်။ အိမ်ခြေ အဆောက်အဦ ၁ဝ၉ လုံးတွင် စက်ရုံ/အလုပ်ရုံ ၁ လုံး၊ ဂိုဒေါင် ၁ လုံး မီးလောင်ခံရပြီး မီးဘေးသင့်ပြည်သူ ၁၀၇ ဦး အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသည်။ ဒဏ်ရာရ ၃ ဦး၊ ၂ ဦးသေဆုံးခဲ့ပြီး ငွေကျပ် ၁၉၈ ဒသမ ၇၂၉ သန်းခန့်ဆုံးရှုံးခဲ့သည်။
ထို့ပြင် ၂၀၂၂ခုနှစ်၊ စက်တင်ဘာလအတွင်း တိုင်းဒေသကြီး/ပြည်နယ်များ၌ သဘာဝဘေးအန္တရာယ်ကြောင့် လေပြင်းတိုက်ခတ် ၁ ကြိမ်၊ ရေကြီး ၅ ကြိမ်၊ ယာဉ်တိုက်မှု ၁၂ ကြိမ်၊ ယာဉ်တိမ်းမှောက်မှု ၁၅ ကြိမ်၊ ရေနှစ်မြုပ် ၇ ကြိမ်၊ ရေတွင်းထဲပြုတ်ကျမှု ကြိမ်၊ သစ်ပင်ပြိုလဲ ၃၄ ကြိမ်၊ မတော်တဆထိခိုက်မှု ၂ ကြိမ်၊ ဓာတ်လှေကားပိတ်မိ ၁ ကြိမ်၊ တိရစ္ဆာန် ကယ်ဆယ်မှု ၃ ကြိမ် စုစုပေါင်း ၈၁ ကြိမ်ဖြစ်ပွားခဲ့ပါသည်။ ထိုကဲ့သို့သော သဘာဝဘေးအန္တရာယ်နှင့် မတော်တဆထိခိုက်မှုဖြစ်စဉ်များတွင် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ရှိ သန္ဓေအင်အား ၇၄၉ ဦးနှင့် အရန်မီးသတ်အင်အား ၁၃၂ ဦးတို့မှ ကူညီဆောင်ရွက်ပေးခဲ့ပြီး ထိခိုက်မှုကြောင့် သေဆုံးသူ ၃၄ ဦးနှင့် ဒဏ်ရာရရှိသူ ၅၅ ဦးတို့အား ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ကူညီ ဆောင်ရွက်ပေးခဲ့သည်ဟုလည်း သိရသည်။