October 19, 2024

၂၇. ၈. ၂၀၂၃

Written by Nay Aung

SAC အစိုးရသည် မြန်မာနိုင်ငံဆိုင်ရာအရှေ့တီမော သံရုံး တာဝန်ခံ Mr. Avelino Fernandes Ximenes Pereira ကို စက်တင်ဘာလ ၁ရက်နေ့မတိုင်ခင် နိုင်ငံအတွင်းမှ အမြန်ဆုံး ထွက်ခွာရန်နှင်ထုတ်လိုက်ကြောင်း သိရသည်။

မြန်မာနိုင်ငံနှင့်ပတ်သက်ပြီး အရှေ့တီမောအစိုးရတာဝန်ရှိသူများ၏ မကြာသေးမီက ပြုလုပ်ဆောင်ရွက်မှုများအပေါ် ကန့်ကွက်ဆန့်ကျင်ကြောင်း ပြသမှုအဖြစ် မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနက မြန်မာနိုင်ငံဆိုင်ရာ အရှေ့တီမောသံရုံး၏ တာဝန်ခံကို နှင်ထုတ်ခဲ့ခြင်းမျိုးဖြစ်ကြောင်း ပေါ်တူဂီအခြေစိုက် SAPO သတင်းဌာနတွင် ဖော်ပြထားသည်။

ထို့အတူ အရှေ့တီမောအစိုးရကလည်း သံရုံးတာဝန်ခံကို နှင်ထုတ်ခဲ့ခြင်းအပေါ် ပြစ်တင်ရှုတ်ချကြောင်း တရားဝင် သတင်းထုတ်ပြန်ထားသည်။

အရှေ့တီမောအစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဝန်ကြီး Agio Pereira က ” အရှေ့တီမောအစိုးရအနေနဲ့ မြန်မာ့နိုင်ငံရေးအငြင်းပွားမှုတွေကို တွေ့ဆုံဆွေးနွေးရေးလမ်းကြောင်းကနေ လုပ်ဆောင်ရမယ်လို့ လက်ခံယုံကြည်ထားတယ်။ ပြည်သူတွေရဲ့ဆန္ဒကို လေးစားဖို့နဲ့ အငြင်းပွားမှုတွေ၊ ပဋိပက္ခတွေကို ငြိမ်းချမ်းစွာ ဖြေရှင်းရမယ်လို့ ယုံကြည်ထားတယ်” ဟုပြောသည်။

အရှေ့တီမောနိုင်ငံသည် အာဆီယံအဖွဲ့ဝင်နိုင်ငံဖြစ်ရန် ကြိုးပမ်းနေသည့်နိုင်ငံဖြစ်ပြီး ပြီးခဲ့သော ၂၀၂၂ ခုနှစ်က အာဆီယံအဖွဲ့ဝင်နိုင်ငံအဖြစ်ပါဝင်ရန် မူအားဖြင့် သဘောတူညီချက်ရရှိထားကာ အာဆီယံအဖွဲ့၏ အချို့အစည်းအဝေးများကို အလွတ်သဘောတက်ရောက်ခွင့်ရရှိနေကြောင်း သိရသည်။ အရှေ့တီမောအစိုးရတာဝန်ရှိသူများသည် SAC အစိုးရကို ဆန့်ကျင်နေပြီး အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ခံထားရသည့် NUG တာဝန်ရှိသူများနှင့် မကြာသေးမီက တွေ့ဆုံဆွေးနွေးခဲ့သလို မြန်မာနိုင်ငံရေးအငြင်းပွားမှုများကို ပြစ်တင်ရှုတ်ချမှုများ လုပ်ဆောင်ခဲ့ဖူးကြောင်း သိရသည်။အရှေ့တီမောနိုင်ငံသည် ၂၀၀၂ ခုနှစ်တွင် လွတ်လပ်ရေးရရှိခဲ့ပြီး ၂၀၀၆ ခုနှစ် စက်တင်ဘာလတွင် မြန်မာနိုင်ငံနှင့်သံတမန်ဆက်ဆံရေးတည်ထောင်ခဲ့ကြောင်း သိရသည်။

Ref — SAPO/ timor-leste.gov

Leave a Reply

Your email address will not be published. Required fields are marked *