October 18, 2024

၂၇. ၈. ၂၀၂၃

Written by Nay Aung

မြန်မာနိုင်ငံရှိ လူကုန်ကူးဂိုဏ်းများလက်ထဲသို့ တစ်နှစ်ကို တရုတ်နိုင်ငံသား ၇၀၀၀၀ ခန့် သားကောင်အဖြစ် ရောက်ရှိနေခဲ့ပြီး အချို့သည် ကိုယ်အင်္ဂါရောင်းဝယ်ရေးဈေးကွက်ထဲသို့ ရောက်ရှိသွားခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့က ထုတ်ပြန်သောအချက်လက်များကို ကိုးကားပြီး တရုတ်နိုင်ငံအခြေစိုက် The Yangcheng Evening News သတင်းဌာနက ဖော်ပြချက်များအရ သိရသည်။

ထိုင်းရဲတပ်ဖွဲ့က တစ်နှစ်ကို တရုတ်နိုင်ငံသား ၇၀၀၀၀ ခန့်သည် ထိုင်းနိုင်ငံမှတစ်ဆင့် မြန်မာနိုင်ငံ မြဝတီမြို့သို့ လူကုန်ကူးပို့ဆောင်ခံနေရကြောင်း၊ တစ်ရက်ကို တရုတ်နိုင်ငံသား ၂၀၀ ခန့် မြဝတီမြို့ရှိ လူကုန်ကူးဂိုဏ်းများလက်ထဲသို့ရောက်ရှိနေကြောင်း ဆိုသည်။

မဲခေါင်ဒေသတွင် လူကုန်ကူးခံရမှုများမြင့်တက်လာခြင်းနှင့် အွန်လိုင်းမှလိမ်လည်မှုကျူးလွန်မှုများ မြင့်တက်လာခြင်းကိုတိုက်ဖျက်ရန်အတွက် ထိုင်း၊ လာအို၊ မြန်မာနှင့်တရုတ်နိုင်ငံရဲတပ်ဖွဲ့တို့သည် သြဂုတ်လအတွင်း ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် ပူးတွဲအစည်းအဝေးတစ်ရပ်ကျင်းပခဲ့ကြောင်း သိရသည်။ မြဝတီမြို့သည် အရှေ့တောင်အာရှဒေသတွင် လူကုန်ကူးမှုဒုတိယအကြီးဆုံးစင်တာဖြစ်နေကြောင်း သိရသည်။ အာဆီယံဒေသအတွင်းနိုင်ငံများနှင့် ဥရောပတိုက်နိုင်ငံများမှ နိုင်ငံသားများသည် မြဝတီမြို့အခြေစိုက်လှုပ်ရှားနေသည့် အွန်လိုင်းမှတစ်ဆင့် လိမ်လည်မှုကျူးလွန်နေသောရာဇဝတ်ဂိုဏ်းများ၊ လူကုန်ကူးအဖွဲ့များ၏ လိမ်လည်ခေါ်ဆောင်ခြင်းများခံနေရကြောင်း သိရသည်။

အဆိုပါ လူကုန်ကူးခံရသူများ၏ ကံကြမ္မာသည် အွန်လိုင်းမှတစ်ဆင့်ဆက်သွယ်ရေးလိမ်လည်မှုလုပ်ငန်းများအတင်းကြပ်ခိုင်းစေခံရခြင်း၊ လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်ခံရခြင်း သို့မဟုတ် မြေအောက်ကိုယ်အင်္ဂါအစိတ်ပိုင်းများရောင်းချသော ဈေးကွက်သို့ လွှဲပြောင်းပို့ဆောင်ခြင်းများခံနေရကြောင်း တရုတ်သတင်းဌာနက ဖော်ပြထားသည်။

Ref- — The Yangcheng Evening News

Leave a Reply

Your email address will not be published. Required fields are marked *